Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားလက်နက် ဖြန့်ကျက်မှုကို ပိတ်ပင်တဲ့ ဥပဒေကို ဖင်လန် ပယ်ဖျက်

နျူကလီးယား လက်နက်တွေနဲ့ မပတ်သက်ဖို့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ မူဝါဒကို ဖင်လန်နိုင်ငံက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

နျူကလီးယား လက်နက်တွေနဲ့ မပတ်သက်ဖို့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ မူဝါဒကို ဖင်လန်နိုင်ငံက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့တုန်းက ဖင်လန်လွှတ်တော်မှာ နျူကလီးယား ကန့်သတ်ရေး ဥပဒေတွေကို ပယ်ဖျက်မယ့် အဆိုနဲ့ ပတ်သက်ပြီး မဲခွဲခဲ့တဲ့အခါ ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၆၁ မဲနဲ့ အသာရသွားပါတယ်။ ဒါဟာ နော်ဒစ်ဒေသတွင်း နိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အရွေ့တစ်ခုလည်း ဖြစ်လာပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲအပြီးမှာတော့ ဖင်လန်ဟာ နိုင်ငံရဲ့ ကာကွယ်ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး အပူတပြင်း ပြန်လည် သုံးသပ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ ဘက်မလိုက် ရပ်တည်မှုကိုလည်း ဖင်လန်က စွန့်လွှတ်ပြီး ၂၀၂၃ ခုနှစ်မှာ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။

အခု ပြင်ဆင် သတ်မှတ်မယ့် ဥပဒေအရ ဖင်လန်ဟာ နိုင်ငံ လုံခြုံရေး ကဏ္ဍအတွက် လိုအပ်လာရင် နိုင်ငံပိုင်နက်ထဲကို နျူကလီးယား လက်နက်တွေ တင်ပို့ခွင့်၊ သယ်ယူပို့ဆောင်ခွင့်၊ ပိုင်ဆိုင်ထားရှိခွင့်တွေ ရလာမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဓိပ္ပါယ်ကတော့ ရုရှားနိုင်ငံရဲ့ အနောက်ဖက် ကပ်လျက် NATO နိုင်ငံတစ်ခုမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားနိုင်မယ့် အခြေအနေ တစ်ခုကို လမ်းဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။ ဖင်လန်ဟာ ရုရှားနဲ့ ကီလိုမီတာ ၁၃၄၀ လောက် ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပါတယ်။

ဖင်လန် အစိုးရကတော့ ဥပဒေ အပြောင်းအလဲ ဖြစ်လာတဲ့တိုင်အောင် လောလောဆယ်မှာ NATOရဲ့ နျူကလီးယား လက်နက်တွေ အခြေစိုက် ထားရှိစေဖို့ ရည်ရွယ်မထားကြောင်း ပြောပါတယ်။ အခု ဥပဒေသစ်ဟာ ကြိုတင် ခန့်မှန်းရခက်တဲ့ ဖြစ်နိုင်ခြေ အပြောင်းအလဲတွေအတွက် သင့်တော်အောင် ကြိုတင် စီမံထားမှုသာ ဖြစ်တယ်လို့ ဖင်လန် ကာကွယ်ရေး ဝန်ကြီး အန့်တီ ဟက်ကာနန်က မှတ်ချက်ပေးခဲ့ပါတယ်။

ဥပဒေ အပြောင်းအလဲကိစ္စ မဲပေးဆုံးဖြတ်မှု ခံယူတဲ့ နေ့မှာတော့ ဖင်လန် လွှတ်တော်ထဲမှာ အတော်လေး ပြင်းထန်တဲ့ ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ အတိုက်အခံ အင်အားစုတွေက ဖင်လန် ညွန့်ပေါင်း အစိုးရဟာ အရေးကြီးတဲ့ မူဝါဒရေးရာ အပြောင်းအလဲတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ ပါတီစုံ ညှိနှိုင်းမှုမျိုးကို ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

တကယ်လို့ ဖင်လန်မှာ NATOရဲ့ နျူကလီးယား လက်နက်တွေ အခြေစိုက်မယ်ဆိုရင် လေယာဉ်မှာ တပ်ဆင်ပစ်ခတ်နိုင်တဲ့ လက်နက် အမျိုးအစားတွေကိုသာ ထားရှိနိုင်မှာ ဖြစ်ပါတယ်။ NATO အဖွဲ့ဝင် နိုင်ငံတွေထဲမှာတော့ အမေရိကန်နဲ့ ပြင်သစ်တို့သာ အဲဒီလို လက်နက် အမျိုးအစားတွေ ပိုင်ဆိုင်ပြီး အမေရိကန် တစ်နိုင်ငံတည်းကသာ NATOအတွက် နျူကလီးယား လက်နက်တွေ မျှဝေပေးထားပါတယ်။ ဗြိတိန်မှာလည်း နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ပေမယ့် ရေငုပ်သင်္ဘောကနေ ပစ်ခတ်ဖို့ အတွက်ပဲ အဓိက တီထွင်ထားတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာချိန် ကတည်းက ဥရောပတိုက်မှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်အင်အားနဲ့ သမားရိုးကျ စစ်လက်နက်တွေကို လျှော့ချဖို့ အပူတပြင်း စီစဉ်လာနေပါတယ်။ အဲဒီအစား မဟာမိတ် ဥရောပရဲ့ လုံခြုံရေးကို ကူညီ အားဖြည့်ဖို့ အမေရိကန်က နျူကလီးယား စစ်ရေးစွမ်းရည်ကို ပိုမို ဖြန့်ကျက်ပေးမယ့် သဘောမျိုးလည်း ကမ်းလှမ်း ညှိနှိုင်းနေကြောင်း သိရပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

သတင်း

နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တယ်ဆိုတဲ့ စစ်သင်္ဘော အသစ်တစ်စီးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ဥရောပ နိုင်ငံတချို့မှာ အမေရိကန် နျူကလီးယား လက်နက်တွေ တိုးမြှင့် ဖြန့်ကျက်ရေးကိစ္စ နှစ်ဖက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ဘီလားရုစ်တို့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေကို ကိုင်တွယ်အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို အစပြုခဲ့ပါတယ်။

သတင်း

နိုင်ငံရဲ့ နျူကလီးယားလက်နက် တည်ဆောက်မှုကို နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ထိ မြဲမြံခိုင်မာစေခဲ့ပြီး ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။