စစ်အင်အား ချဲ့ထွင် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။
ပြိုင်ဘက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး စစ်ရေး နည်းပညာ အရှိန်အဟုန် မြှင့်တင်မှုတွေ ချဲ့ထွင် လုပ်ဆောင်နေတဲ့အတွက် မြောက်ကိုရီးယားကလည်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့လိုကြောင်း ကင်မ်က ပြောကြားခဲ့ပါတယ်။
သူက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေး အစီအမံတွေဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား စစ်ပွဲကြီး ဖြစ်ပွားလာစေဖို့ လက်တစ်ကမ်း အလိုထိ နီးကပ်လာစေကြောင်းလည်း စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။
အာဏာရ အလုပ်သမား ပါတီရဲ့ သုံးရက်ကြာ အစည်းအဝေး တစ်ခုမှာ ခေါင်းဆောင်ကြီး ရဲဘော်ကင်မ်က မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ အဲဒီ မိန့်ခွန်းထဲမှာ မြောက်ကိုရီးယား အနေနဲ့ အမျိုးသား ကာကွယ်ရေး စွမ်းဆောင်ရည်တွေကို လျင်လျင်မြန်မြန် ထိထိရောက်ရောက် မြှင့်တင်မယ့် မူဝါဒကို မမှိတ်မသုန် ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ အတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဇွန်လ ၂၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ကင်မ်က တောင်ကိုရီးယားရဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေးကိစ္စ အမေရိကန်နဲ့ ပူးပေါင်း အားထုတ်နေမှုတွေကို ဝေဖန်ခဲ့သလို အဲဒီ နှစ်နိုင်ငံဟာ ဒေသတွင်းမှာ လက်နက် နည်းပညာတွေ အဆင့်မြှင့်တင်ဖို့ သိုသိုသိပ်သိပ် ကြံစည်နေတယ်လို့ပါ ထည့်သွင်း စွပ်စွဲသွားပါတယ်။
အဲဒီလို လုပ်ရပ်တိုင်းဟာ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား စစ်ပွဲဆီ တွန်းပို့နေတာနဲ့ တူတူပဲလို့ ကင်မ်က ထောက်ပြသွားကြောင်းလည်း KCNA သတင်းဌာနက ဆိုပါတယ်။ အခုလို အခြေအနေမျိုးတွေကို ကြုံတွေ့နေရတဲ့အခါ မြောက်ကိုရီးယား အနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် စစ်အင်အားကို ချဲ့ထွင်တည်ဆောက်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ကင်မ်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။
နောက်ပြီး ကျူးကျော်စစ်ပွဲတွေကို တားဆီးဖို့အတွက် နျူကလီးယား လက်နက်စွမ်းရည် ချဲ့ထွင်မှုတွေကိုလည်း မြောက်ကိုရီးယားက အရှိန်အဟုန်မြှင့် ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၁၉ ခုနှစ်မှာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ကြေညာခဲ့ပြီး အဲဒီ ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ၊ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ကင်မ်ရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကလည်း မြောက်ကိုရီးယား အစိုးရ အနေနဲ့ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို လုံးဝ လက်လွှတ်တော့မှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုထားပါတယ်။
လက်ရှိ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကတော့ မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ကုစားတဲ့ ချဉ်းကပ်မှုမျိုးကို လက်ကိုင်ပြုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ G7 ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံတဲ့အခါ မြောက်ကိုရီးယား အရေးကို ပိုမို အာရုံစိုက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း လီက ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှု နည်းလမ်းတွေနဲ့ ကိုင်တွယ်နေတာက ထိရောက်မှု မရှိကြောင်း၊ မြောက်ကိုရီးယား နျူကလီးယား ကိစ္စကို တခြားနိုင်ငံတွေမှာ အသုံးပြုတဲ့ နည်းတွေနဲ့ တုံ့ပြန်လို့ မရနိုင်ဘူးဆိုတာ သူက ထောက်ပြခဲ့ပြီး ထရမ့်ကလည်း သဘောတူခဲ့ကြောင်း လီက မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: AFP


















































