-ကိုပါဝဲလ်ရေးသားသည်။
လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။
ခေတ်သစ် နည်းပညာလောကတွင် လူသားကဲ့သို့ စဉ်းစားတွေးခေါ်နိုင်ရန် ကြိုးစားသည့် AI (Artificial Intelligence) စနစ်များသည် လူသားတို့၏ နေ့စဉ်ဘဝနှင့် အလုပ်အကိုင်ကဏ္ဍအသီးသီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။
သို့သော် AI များတွင် အဓိက ရင်ဆိုင်နေရသည့် အားနည်းချက်တခုမှာ Hallucination ခေါ် သိသယောင် အားနည်းချက်ပင် ဖြစ်သည်။

Public Service Announcement
▪︎သိသယောင် အားနည်းချက် (Hallucination) ဆိုသည်မှာ အဘယ်နည်း
AI Hallucination ဆိုသည်မှာ AI စနစ်များက ၎င်းတို့တွင် တိကျသော အချက်အလက် မရှိသော်လည်း ရှိသယောင် ဖန်တီး၍ ဖြေကြားခြင်း သို့မဟုတ် မသက်ဆိုင်သော အချက်အလက်များကို ရောထွေး၍ အဖြေထုတ်ပေးခြင်း ဖြစ်သည်။
ဥပမာအနေဖြင့် မရှိသော သမိုင်းဖြစ်ရပ်များ၊ မရှိသော လူပုဂ္ဂိုလ်များ သို့မဟုတ် မမှန်ကန်သော သိပ္ပံနည်းကျ အချက်အလက်များကို ထုတ်ပေးခြင်း ဖြစ်သည်။ ပို၍ ဆိုးရွားသည်မှာ AI က ထိုအမှားကို အလွန်ယုံကြည်မှုရှိရှိ ပြောဆိုနေခြင်းပင် ဖြစ်သည်။
▪︎ဘာကြောင့် ဖြစ်ရသနည်း
AI များသည် လူသားများကဲ့သို့ အမှန်တရား ကို နားလည်ပြီး ပြောဆိုခြင်း မဟုတ်ဘဲ ၎င်းတို့ လေ့ကျင့်ထားသော ဒေတာ (Data) များပေါ် အခြေခံကာ ရှေ့စကားလုံးနှင့် နောက်စကားလုံး မည်သို့ ဆက်စပ်နိုင်သည်ကို သင်္ချာနည်းအရ ခန့်မှန်းတွက်ချက်ခြင်း (Statistical Probability) သာ ဖြစ်သည်။
ထို့ကြောင့် လေ့ကျင့်ထားသော ဒေတာထဲတွင် အချက်အလက် မရှိသည့်အခါ AI က ရှေ့နောက် ဆက်စပ်မှုများဖြင့် အဖြေတခုကို အတင်းအဓမ္မ ဖန်တီးယူတတ်ခြင်း၊ နာမည်တူ သို့မဟုတ် အကြောင်းအရာတူသော အချက်အလက်များကို ရောထွေးပြီး တဦးတည်း၊ တခုတည်းအဖြစ် တင်ပြမိခြင်းများ မကြာခဏ ဖြစ်တတ်ပါသည်။
AI သည် “မသိဘူး” ဟု ဝန်ခံရန်ထက် အဖြေတခုခု ပေးရန် ပိုမိုအားသန်အောင် တည်ဆောက်ထားသော AI Model များတွင် ဤပြဿနာများ ပိုမိုဖြစ်ပွားတတ်သည်။
▪︎သိသယောင် အားနည်းချက်၏ အန္တရာယ်များ
အထိခိုက်မခံသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများ၊ ဥပဒေရေးရာနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များတွင် အမှားများ ပါဝင်သွားပါက လူသားတို့၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည်။
အသုံးပြုသူက AI ပေးသော အချက်အလက်ကို အမှန်ဟု ယူဆပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာမှ အမှားများ ကြုံတွေ့ရသောအခါ နည်းပညာအပေါ် ယုံကြည်မှု လျော့နည်းသွားစေသည်။
AI က ဖန်တီးလိုက်သော မမှန်ကန်သည့် အချက်အလက်များသည် အင်တာနက်ပေါ်တွင် သတင်းမှား (Misinformation) များအဖြစ် ပျံ့နှံ့သွားစေနိုင်သည်။ အသုံးပြုသူများအတွက် ကြီးမားသော အန္တရာယ်များကို ဖြစ်စေနိုင်ပါသည်။
▪︎မည်သို့ ကာကွယ်သင့်သနည်း
AI ၏ သိသယောင် အားနည်းချက်ကို လျှော့ချရန်အတွက် နည်းပညာရှင်များက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေကြသည်။
AI ကို ၎င်း၏ မှတ်ဉာဏ်ထဲရှိ အချက်အလက်များဖြင့်သာ မဖြေခိုင်းဘဲ ယုံကြည်ရသော ပြင်ပရင်းမြစ်များ (External Sources) တွင် ရှာဖွေပြီးမှ ဖြေကြားစေခြင်း၊ AI ထုတ်ပေးသော အဖြေများကို လူသား ကျွမ်းကျင်သူများက ပြန်လည် စိစစ်ခြင်း၊ အချက်အလက် မှန်မမှန် စစ်ဆေးနိုင်သော ကိရိယာများကို AI စနစ်အတွင်း ထည့်သွင်း တည်ဆောက်ခြင်းတို့ဖြင့် အထက်ပါအားနည်းချက်ကို လျှော့ချစေနိုင်ပါသည်။
AI များသည် လူသားတို့အတွက် အလွန်အသုံးဝင်သော ကိရိယာများ ဖြစ်သော်လည်း သိသယောင်ယောင်ဖြင့် ထုတ်ပေးသည့် အဖြေများကို အထူးသတိထားရမည် ဖြစ်သည်။
ထို့ကြောင့် အသုံးပြုသူများအနေဖြင့် AI ပေးသော အချက်အလက်များကို မယုံကြည်ဘဲ မိမိကိုယ်တိုင် ပြန်လည် စိစစ်သည့် (Double-check) အလေ့အထ ရှိရမည်ဖြစ်သလို၊ AI တည်ဆောက်သူများကလည်း ပိုမို တာဝန်ယူမှုရှိသော၊ အမှန်တရားကို ဦးစားပေးသောစနစ်များဖြစ်လာစေရန်ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။ ။


















































