ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၉ ရက်နေ့က ဂျာမနီမြောက်ပိုင်း စတိတ်ဒီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူ အားလုံးဟာ စင်တာရဲ့ ဝန်ထမ်းတွေဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
သေနတ်သမားဟာ ကလေးအုပ်ထိန်းခွင့်အတွက် ဇနီးဖြစ်သူနဲ့ အငြင်းပွားနေသူ တစ်ဦးပါ။ တိုက်ခိုက်မှု ဖြစ်ပွားချိန်က ဇနီးသည်နဲ့ ၃ လအရွယ် သမီးငယ်တို့လည်း အဲဒီစင်တာထဲမှာ ရှိနေခဲ့ပေမယ့် ဘေးကင်းခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။
သေနတ်သမားနဲ့အတူ နောက်ထပ် လူ ၂ ဦးကိုပါ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ အများပြည်သူအတွက် နောက်ဆက်တွဲ ခြိမ်းခြောက်မှု အန္တရာယ် မရှိကြောင်း ဟမ်းဘာ့ဂ်မြို့နားမှာ ရှိနေတဲ့ မြို့ငယ်လေးရဲ့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ပြည်ထဲရေးဝန်ကြီး ဒန်နီရယ်လာ ဘာဟ်ရန်းစ်ကလည်း စတိတ်ဒီမြို့မှာ လူ ၆ ဦး အသက်ဆုံးရှုံးခဲ့တဲ့ ပစ်ခတ်မှုဟာ အစွန်းရောက် ဝါဒ တစ်ခုခုနဲ့ ပတ်သက်မှု မရှိဘဲ မိသားစု ပြဿနာကနေ အစပြုခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ စေ့ဆော်မှုတွေ ဘာမှ မပါဘဲ ရန်လို အကြမ်းဖက်မှု တစ်ခုကို သွေးအေးအေးနဲ့ ကျူးလွန်ခဲ့တာ သက်သက်သာဖြစ်ကြောင်း ဘာဟ်ရန်းစ်က ဆိုပါတယ်။
သေနတ်သမားရဲ့ နာမည်ကို မဖော်ပြပေမယ့် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့မှာ အခြေချ နေထိုင်နေတဲ့ အသက် ၄၅ နှစ်အရွယ် တူရကီနွယ်ဖွား တစ်ဦးလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ကက်သရင်းရှူဝိုလ်က ပြောကြားခဲ့ပါတယ်။ သူဟာ ခြိမ်းခြောက်မှုတွေကြောင့် ရဲမှတ်တမ်းမှာ စာရင်းဝင်နေပေမယ့် တကယ်တမ်း အကြမ်းဖက် ရန်လိုတဲ့အဆင့်မျိုးတော့ မရှိခဲ့ဖူးပါဘူး။ ပြီးတော့ သူ့မှာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လည်း မရှိဘူးလို့ သိရပါတယ်။
သံသယ တရားခံဟာ အမျိုးသမီးတစ်ဦး မောင်းနှင်တဲ့ကားကို စီးနင်းပြီး အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားခဲ့ပါသေးတယ်။ ရဲတွေက အဲဒီကားကို လိုက်လံပစ်ခတ်ခဲ့သလို နောက်တော့ Mercedesကားရဲ့ ဘီးကို ကွဲထွက်သွားစေမယ့် လမ်းအတားအဆီး ချထားပြီး ဟန့်တားနိုင်ခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကိုင် ရဲတွေက ကားထဲမှာ ရှိနေသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့ နေရာနားက နေ့ကလေးထိန်းကျောင်းနဲ့ မူလတန်းကျောင်းက ကလေးတွေကိုတော့ မိဘတွေက လာခေါ်သွားခဲ့ကြပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ စတိတ်ဒီမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီမြို့လေးဟာ ဟမ်းဘာ့ဂ်ရဲ့ အနောက်ဖက် ကီလိုမီတာ ၃၀ လောက်အကွာမှာ တည်ရှိပြီး လူဦးရေ ၅ သောင်းလောက်သာ နေထိုင်ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































