Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဆယ်ကျော်သက် မိန်းကလေး အသတ်ခံရတဲ့ အမှုမှာ တရားမျှတမှုရဖို့ မိသားစုတောင်းဆို

ဩစတြေးလျ အမျိုးသား တစ်ဦးရဲ့ သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှုကို ခံခဲ့ရတဲ့ ထိုင်းဆယ်ကျော်သက် မိန်းကလေးရဲ့ မိသားစုက တရားမျှတမှုအတွက် တောင်းဆိုနေကြပါတယ်။

ဩစတြေးလျ အမျိုးသား တစ်ဦးရဲ့ သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှုကို ခံခဲ့ရတဲ့ ထိုင်းဆယ်ကျော်သက် မိန်းကလေးရဲ့ မိသားစုက တရားမျှတမှုအတွက် တောင်းဆိုနေကြပါတယ်။

ထိုင်းနိုင်ငံရဲ့ အပန်းဖြေ ကမ်းခြေမြို့တစ်ခုဖြစ်တဲ့ ပတ္တရားမှာ ဇွန်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက အသက် ၁၇ နှစ်အရွယ် မိန်းကလေး အသတ်ခံခဲ့ရတာပါ။ အဲဒီနောက် လူသတ်မှု သံသယ တရားခံဖြစ်သူ ဆိုင်မွန်ပီတာ ကာမန်က အလောင်းကို ခရီးဆောင်အိတ်ထဲ ထည့်ပြီး ဖျောက်ဖျက် စွန့်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ လူသတ်မှု ပေါ်ပေါက်လာပြီး သူလည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ညပိုင်းက မိန်းကလေးဟာ လူစည်ကားတဲ့ ကမ်းခြေ တစ်နေရာမှာ ကာမန်နဲ့ တွေ့ဆုံခဲ့ကြောင်း သူငယ်ချင်းတွေက ပြောပါတယ်။ အဲဒီနောက် သူဟာ ကာမန်ရဲ့ ကွန်ဒိုတိုက်ခန်းဆီ လိုက်သွားခဲ့ပြီး ဇွန်လ ၂၅ ရက် မနက်အစောပိုင်းက သူတို့နှစ်ဦး ကွန်ဒိုထဲ အတူဝင်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ အဝတ်မပါတဲ့ အလောင်း ထည့်ထားတဲ့ ခရီးဆောင်အိတ်ကို ရှာတွေ့ခဲ့ပြီး အဲဒီအချိန်မှာပဲ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ကာမန်ကို လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ဟန့်တားထားပြီး လေယာဉ်ပေါ် မတက်ခင်မှာ ဖမ်းဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ကာမန်ဟာ လူသတ်မှု၊ အလောင်းဖျောက်မှု၊ အသက်မပြည့်သေးသူကို မဖွယ်မရာ ရည်ရွယ်ချက်နဲ့ စည်းရုံးသိမ်းသွင်းခဲ့မှု စွပ်စွဲချက်တွေကို ရင်ဆိုင်နေရပါတယ်။ သူဟာ ပြစ်မှုထင်ရှားရင် နှစ်ရှည်ထောင်ဒဏ်၊ ထောင်ဒဏ်တစ်သက်၊ ဒါမှမဟုတ် သေဒဏ်ထိ ချမှတ်ခံရနိုင်တယ်လို့ ပတ္တရား ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး အန်နက် ဆရာထောင်ယူက ပြောကြားခဲ့ပါတယ်။

လူသတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးပေမယ့် ကာမန်က သူဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ မလုပ်သင့်တာကို လုပ်မိတယ်လို့ ရဲတွေကို ပြောကြားခဲ့ပါတယ်။ ရဲတွေရဲ့ အဆိုအရ ကာမန်က နှစ်ဦးသား စကားများပြီးချိန်မှာ မိန်းကလေးကို လည်ပင်းညှစ်ခဲ့ပေမယ့် သတ်ဖို့ထိ မရည်ရွယ်ခဲ့ဘူးလို့ ထွက်ဆိုခဲ့ကြောင်း၊ သူ့အပေါ် ပြစ်မှုစွဲချက် တချို့ကိုတော့ ကာမန်က ဝန်ခံထားပြီးဖြစ်ကြောင်း သိရပါတယ်။

ပတ္တရားမှာ ပြည့်တန်ဆာနဲ့ လိင်ဖျော်ဖြေမှု လုပ်ငန်းတွေနဲ့ အသက်မွေးနေသူတွေလည်းရှိပြီး အခုလူသတ်မှုဟာ အဲဒီအခြေအနေတွေနဲ့ ဆက်စပ်နိုင်ကြောင်းလည်း ရဲတွေက ပြောပါတယ်။

မိန်းကလေး ပျောက်ဆုံးသွားတဲ့နောက်ပိုင်း ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပေမယ့် သဲလွန်စတွေက အရမ်းနည်းပါးနေခဲ့ပါတယ်။ နိုင်ငံခြားသား တစ်ယောက်က မိန်းကလေးကို ကွန်ဒိုတိုက်ခန်း တစ်ခုဆီ ခေါ်သွားတယ် ဆိုတဲ့ အချက်လောက်ကိုပဲ အခြေပြုပြီး ရဲတွေက စုံစမ်းခဲ့ရတာပါ။ နောက်တော့ ရဲတွေဟာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ခြေရာခံ ရှာဖွေရင်း လူသတ်မှု ဖြစ်ခဲ့တဲ့ ကွန်ဒိုကို သိရှိလာခဲ့ပါတယ်။ အခန်းထဲမှာ သူတို့နှစ်ယောက်လုံးကို မတွေ့တော့ဘဲ သံသယရှိသူရဲ့ ပတ်စ်ပို့တ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ကာမန်ဟာ ပတ်စ်ပို့တ်မပါဘဲ ဘယ်လို ခရီးသွားမလို့ စီစဉ်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ ကွန်ဒိုတိုက်ခန်းထဲကို မိန်းကလေးနဲ့ ကာမန်တို့ လက်တွဲပြီး ဝင်သွားတာ၊ အနက်ရောင် ခရီးဆောင် အိတ်တစ်လုံးကို ကာမန်က ဆွဲထုတ်သွားတာတွေကို တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေက ခရီးဆောင်အိတ်နဲ့ အလောင်းကို ရှာတွေ့ခဲ့ပြီး ကာမန်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မိန်းကလေးရဲ့ ဖခင်ဖြစ်သူကတော့ အခုသတင်းကြောင့် အရမ်းတုန်လှုပ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ မိန်းကလေးရဲ့ မိဘတွေက အိမ်ထောင်ကွဲထားပြီး မိန်းကလေးက ဖခင်၊ မိထွေးတို့နဲ့အတူ နေထိုင်နေတာပါ။ မိထွေးဖြစ်သူက လူသတ်မှု ကျူးလွန်သူကို သေဒဏ်စီရင် ကွပ်မျက်ပေးဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လူပျောက်မှု တိုင်ထားပြီးတဲ့နောက် ခရီးဆောင်အိတ်ထဲမှာ အလောင်းတွေ့တယ်ဆိုတဲ့ သတင်း ကြားတဲ့ထိ အမှန်မဟုတ်ပါစေနဲ့လို့ ဆုတောင်းခဲ့ကြောင်း၊ ဒါပေမဲ့ အကြောက်ဆုံး ကိစ္စက လက်တွေ့ ဖြစ်လာခဲ့ကြောင်း မိန်းကလေးရဲ့ မိထွေး အော်ရာဒီ ဘူဆာရာကွမ်က ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာ မနေ့(ဧပြီလ ၅ ရက်) ညနေပိုင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်းကိုတွေ့ခဲ့ရတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်​။

သတင်း

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေ မြို့တစ်မြို့ဖြစ်တဲ့ ဟွာဟင်းမှာ လူသတ်မှု သံသယ တရားခံ တစ်ဦးကို ရဲတွေက ပိတ်ဆို့ရှာဖွေဖို့ ကြိုးစားနေပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။