Connect with us

Hi, what are you looking for?

အတွေးအမြင်

အေအိုင် (AI) မုန်တိုင်းနှင့် သတင်းလောက၏ သေရေးရှင်ရေး တိုက်ပွဲ

တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ChatGPT လို အေအိုင် (AI) နည်းပညာတွေ ပေါ်ထွက် လာပြီးနောက်ပိုင်း၊ ကမ္ဘာကြီးဟာ သတင်းအချက်အလက် ရှာဖွေပုံချင်း မတူတော့တဲ့ နည်းပညာတော်လှန်ရေးအသစ်တစ်ခုထဲကို ရောက်ရှိလို့နေပါပြီ။

– ခါကာဘို ရေးသည်။

တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ChatGPT လို အေအိုင် (AI) နည်းပညာတွေ ပေါ်ထွက် လာပြီးနောက်ပိုင်း၊ ကမ္ဘာကြီးဟာ သတင်းအချက်အလက် ရှာဖွေပုံချင်း မတူတော့တဲ့ နည်းပညာတော်လှန်ရေးအသစ်တစ်ခုထဲကို ရောက်ရှိလို့နေပါပြီ။

အေအိုင်ဟာ လုပ်ငန်းအမျိုးမျိုးရဲ့ အလုပ်ပြီးမြောက်မှုနှုန်းတွေ မြှင့်တင်ပေးနိုင်သလို၊ ဆေးဘက်ဆိုင်ရာမှာလည်းအံ့မခန်း အောင်မြင်မှုတွေ ယူဆောင်လာပေးနိုင်တဲ့ အစွမ်းထက် နည်းပညာတစ်ခု ဖြစ်တာ ငြင်းစရာမရှိပါဘူး။

ဒါပေမဲ့ ဒီနည်းပညာရဲ့ နောက်ကွယ်မှာ လူသားမျိုးနွယ်ရဲ့ အသိပညာနဲ့ ဖန်တီးမှုလက်ရာတွေကို အကြီးအကျယ် စုပ်ယူဝါးမြိုနေတဲ့ အမှောင်ဘက်ခြမ်းတစ်ခု ရှိနေပြီး၊ အဲဒီဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတာကတော့ အချက်အလက်အမှန်ကို ကိုယ်တိုင်ကွင်းဆင်း ရှာဖွေတင်ဆက်နေရတဲ့ သတင်းလောကပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နယူးယောက်တိုင်းမ် (The New York Times) သတင်းစာတိုက်ရဲ့ ထုတ်ဝေသူ အေဂျီ ဆုဇ်ဘာဂါ (A.G. Sulzberger) က ကမ္ဘာ့သတင်းမီဒီယာညီလာခံမှာ ပြောကြားခဲ့ရာမှာ နည်းပညာဘီလူးကြီးတွေဟာ သတင်းဌာနတွေ အကုန်အကျခံ၊ အသက်စွန့်ပြီး ရှာဖွေထားတဲ့ သတင်းတွေကို ခွင့်ပြုချက်လည်း မတောင်း၊ အဖိုးအခလည်းမပေးဘဲ အလကားယူကာ ၎င်းတို့ရဲ့ အေအိုင် မော်ဒယ်တွေကို လေ့ကျင့်ဖို့ အသုံးပြုနေကြတယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဒါဟာ သတင်းလုပ်ငန်းတွေရဲ့ဝင်ငွေနဲ့ စာဖတ်ပရိသတ်ကို ဖြတ်စားရုံတင်မကဘဲ၊ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ဖြစ်တဲ့ “အမှန်တရားနဲ့ တာဝန်ခံမှု” ကိုပါ အမြစ်ကနေ လှုပ်ခါပစ်နေတဲ့အတွက် သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့ ရပိုင်ခွင့်ကို ကာကွယ်ဖို့ ဘာကြောင့် အရေးတကြီး အသံထွက်လာရသလဲဆိုတာ အချက်အလက်တွေနဲ့တကွ စနစ်တကျ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ဒီပြဿနာရဲ့ အရင်းအမြစ်ကို နားလည်ဖို့ဆိုရင် အေအိုင် မော်ဒယ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ အခြေခံ ပါဝင်ပစ္စည်းတွေကို အရင်ကြည့်ရပါမယ်။ အေအိုင်တစ်ခု အောင်မြင်ဖို့အတွက် အယ်လ်ဂိုရီသမ် ဒီဇိုင်းဆွဲတဲ့ ပါရမီရှင် အင်ဂျင်နီယာတွေ၊ ချစ်ပ်စ် (Chips) တွေနဲ့ ဒေတာစင်တာတွေလို တွက်ချက်မှုစွမ်းရည်တွေ၊ လျှပ်စစ်စွမ်းအင်တွေအပြင် အဓိကအကျဆုံးဖြစ်တဲ့ “ဒေတာ (Data)”ဆိုတဲ့ အကြောင်းအရာတွေ လိုအပ်ပါတယ်။

နည်းပညာကုမ္ပဏီတွေဟာ အင်ဂျင်နီယာတွေကို ဒေါ်လာသန်းနဲ့ချီ လစာပေးသလို၊ စွမ်းအင်နဲ့ ဒေတာစင်တာတွေအတွက်လည်း ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံ ရင်းနှီးမြှုပ်နှံ ကြပေမယ့်၊ “သတင်းအချက်အလက်ဒေတာ” အပိုင်းကို ရောက်တဲ့အခါမှာတော့ တစ်ပြားမှမပေးဘဲ အလကား ခိုးယူသုံးစွဲကြတာ ဖြစ်ပါတယ်။

ဆုဇ်ဘာဂါ က ထောက်ပြရာမှာ အေအိုင် ကုမ္ပဏီတွေရဲ့ ပေါင်းစပ်တန်ဖိုးဟာ ဒေါ်လာ ၁၁ ထရီလီယံ (11 Trillion Dollars) ကျော်အထိ ရှိနေပြီး ပိုက်ဆံမရှိလို့ မဟုတ်ဘဲ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ ဝ.၅ ရာခိုင်နှုန်း (0.5%) တောင်မှ ဒေတာဖန်တီးပေးတဲ့ သတင်းဌာနတွေဆီ ပြန်မရောက်ဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် အေအိုင် မော်ဒယ်တွေ ပိုမိုတိကျပြီး အဆင့်မြင့်လာဖို့အတွက် သတင်းဌာနတွေရဲ့ အရည်အသွေးမြင့် စာသားတွေက မရှိမဖြစ် လိုအပ်တာမို့ OpenAI ကိုယ်တိုင်ကလည်း “မူပိုင်ခွင့်ရှိတဲ့ အကြောင်းအရာတွေ မပါဘဲ ဒီနေ့ခေတ် အေအိုင် မော်ဒယ်တွေကို လေ့ကျင့်ပေးဖို့ မဖြစ်နိုင်ဘူး” လို့ ဝန်ခံထားရပါတယ်။

လေ့လာမှုတွေအရ အေအိုင် လေ့ကျင့်ပေးတဲ့ ထိပ်တန်း ဝဘ်ဆိုက် ၁၀ ခုထဲမှာ ၅ ခုဟာ သတင်းဌာန တွေရဲ့ ဝဘ်ဆိုက်တွေ ဖြစ်နေပြီး၊The New York Times ကဲ့သို့သော သတင်းစာကြီးတွေဟာ သတင်းထုတ်လုပ်မှုအတွက် တစ်နှစ်တည်းမှာတင် ဒေါ်လာ ၂ ဘီလီယံ (2 Billion Dollars) ကျော် အကုန်အကျခံကာကမ္ဘာအနှံ့စစ်မြေပြင်တွေအထိ သတင်းထောက်တွေ စေလွှတ်ပြီး အချက်အလက် ရှာဖွေနေရတာပါ။

နည်းပညာကုမ္ပဏီတွေဟာ ဒီလို တန်ဖိုးကြီးတဲ့ မူပိုင်ခွင့် (Intellectual Property) တွေကို အလကား ယူကာ ၎င်းတို့ကိုယ်ပိုင် အေအိုင်ဝန်ဆောင်မှုအဖြစ် ပြောင်းလဲတင်ဆက်ပြီး အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။

အေအိုင်ခေတ်မတိုင်ခင် အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ ခေတ်တုန်းကတော့ နည်းပညာ ပလက်ဖောင်း တွေက ကြော်ငြာခတွေကို ဖြတ်စားပေမယ့် သတင်းဌာနတွေဆီကို စာဖတ်သူ ပို့ပေးတဲ့ လင့်ခ် (Link) တွေကတစ်ဆင့် အပြန်အလှန် အကျိုးပြုတဲ့ စနစ်တစ်ခု ရှိခဲ့ပါသေးတယ်။

ဒါပေမဲ့ အေအိုင် ခေတ်သစ် ရှာဖွေရေး အင်ဂျင် (Search Engine) စနစ်မှာတော့ စာဖတ်သူတွေက ဝဘ်ဆိုက်ထဲ ဝင်ဖတ်စရာမလိုဘဲ အေအိုင် က တိုက်ရိုက် အဖြေထုတ်ပေးနေတာကြောင့် သတင်း ဝဘ်ဆိုက်တွေဆီ စာဖတ်သူ ရောက်ရှိမှုနှုန်း (Traffic) ဟာ သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။

ဆုဇ်ဘာဂါ တင်ပြတဲ့ အချက်အလက်တွေအရ ထိပ်တန်း သတင်းစာကြီးတွေရဲ့ ဝဘ်ဆိုက် ဝင်ရောက်ကြည့်ရှုမှု နှုန်းဟာ အေအိုင် ပြိုင်ပွဲ ပြင်းထန်လာကတည်းက ပျမ်းမျှ ၄၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ပြီး၊ Google ထက်စာရင် အခြား အေအိုင် မော်ဒယ်တွေက သတင်းဌာနတွေဆီ စာဖတ်သူ ပြန်ညွှန်းပေးမှုနှုန်းဟာ ၉၆ ရာခိုင်နှုန်းအထိ ပိုမိုနည်းပါးနေတာ တွေ့ရပါတယ်။

ဒါတင်မကသေးဘဲ အေအိုင် စက်ရုပ်တွေဟာ သတင်းဌာနတွေရဲ့ လစဉ်ကြေးပေးမှ ဖတ်ရတဲ့စနစ် (Paywall) တွေကိုပါ ဥပဒေမဲ့ ကျော်ဖြတ်ပြီး သတင်းတွေကို ၃၀ ရာခိုင်နှုန်းလောက်အထိ ခိုးယူနေကြတာမို့ သတင်းဌာနတွေရဲ့ ဒစ်ဂျစ်တယ် စာရင်းသွင်းခ (Subscription) ဝင်ငွေလမ်းကြောင်း ကိုပါ ပိတ်ဆို့ပစ်လိုက်သလို ဖြစ်နေပါတယ်။ ရလဒ်အနေနဲ့ သတင်းဌာနတွေဟာ ကြော်ငြာဝင်ငွေကော၊ စာဖတ်သူဆီကရတဲ့ ဝင်ငွေပါ ဆုံးရှုံးပြီး ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ဆိုက်ရောက်လာရပါတယ်။

အခုလို အခြေအနေတွေကြောင့် The New York Times နဲ့ အခြားသော သတင်းဌာနကြီးတွေဟာ ၎င်းတို့ရဲ့ မူပိုင်ခွင့်ကို ကာကွယ်ဖို့အတွက် OpenAI နဲ့ Microsoft တို့လို နည်းပညာဘီလူးကြီးတွေကို တရားဥပဒေအရ တရားစွဲဆိုမှုတွေ လုပ်လာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆုဇ်ဘာဂါ ကိုယ်တိုင် ဝန်ခံထားတာကတော့ ဒီလို တရားရင်ဆိုင်ရတာက နှေးကွေးပြီး အစစအရာရာ အင်မတန် အကုန်အကျများလှတာမို့၊ နှစ်နှစ်ခွဲကျော် ကြာမြင့်လာတဲ့ ၎င်းတို့ရဲ့အမှုဟာ လက်ရှိမှာ ဒေါ်လာ သန်း ၂၀ ကျော် ကုန်ကျနေပြီဖြစ်ကာ အရင်းအမြစ် မရှိတဲ့ သတင်းဌာန အသေးလေးတွေအတွက်တော့ တရားရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။

နည်းပညာကုမ္ပဏီတွေကတော့ တရားရုံးတွေနဲ့ အစိုးရတွေဆီမှာ “တီထွင်ဆန်းသစ်မှုအတွက်မို့ ၎င်းတို့မှာ ပိုက်ဆံပေးဖို့ တာဝန်မရှိဘူး” လို့ ဆင်ခြေပေးကာ လော်ဘီလုပ်နေကြဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံအတွင်းမှာတင် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း သတင်းထောက် ၇၅ ရာခိုင်နှုန်းနဲ့ သတင်းစာတိုက် ပေါင်း ၃,၀၀0 ကျော် ပျောက်ကွယ်သွားခဲ့ပြီး၊ သတင်းထောက်မရှိတဲ့ အတွက် မြို့တော်ခန်းမတွေ၊ ကျောင်းတွေနဲ့ ဒေသတွင်း အဂတိလိုက်စားမှုတွေကို စောင့်ကြည့် စိစစ်မယ့်သူ မရှိတော့တဲ့ သတင်းအမှောင်ကျတဲ့ ဒေသတွေ အများကြီး ရှိလာနေပြီ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်၊ သတင်းလောကဟာ နည်းပညာအသစ်တွေနဲ့ ပြိုင်ဆိုင်မှုကို ကြောက်ရွံ့ နေတာ မဟုတ်ဘဲ၊ ခွင့်ပြုချက်မရှိဘဲ လုပ်အား ခိုးယူခံရမှုကြောင့် ဖြစ်ပေါ်လာမယ့် ရေရှည် ဆိုးကျိုးတွေကို သတိပေးနေတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့က အေအိုင်ကို ဆန့်ကျင်နေတာမဟုတ်ပါဘူး၊ အပြောင်းအလဲတွေကို စင်္ကြန်မပြတ် လေ့လာပြီး လိုက်လျောညီထွေဖြစ်အောင် The New York Times မှာလည်း တာဝန်သိသိနဲ့ သုံးနေပါတယ်” လို့ ဆုဇ်ဘာဂါက ၎င်းရဲ့ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။

အကယ်၍ နည်းပညာကုမ္ပဏီတွေက သတင်းအချက်အလက်တွေ ထုတ်လုပ်ပေးနေတဲ့ ဖန်တီးရှင် တွေကို မျှတတဲ့ အဖိုးအခတွေ ပြန်လည်မပံ့ပိုးဘဲ အလကား ဆက်လက်ယူသုံးနေမယ်ဆိုရင်၊ နောင်တစ်ချိန်မှာ အခြေခံအကျဆုံးဖြစ်တဲ့ “ကိုယ်တိုင်ကွင်းဆင်း စုံစမ်းထောက်လှမ်းထားတဲ့ သတင်းဦး၊ သတင်းမှန်” တွေကို ရှာဖွေပေးမယ့် သတင်းထောက်တွေ လုံးဝ ပျောက်ကွယ်သွားပါလိမ့်မယ်။

သတင်းဌာနတွေ ခမ်းခြောက်သွားတဲ့နေ့မှာ အေအိုင်တွေ ကျွေးမွေးလေ့ကျင့်ဖို့ “အရည်အသွေးမြင့် ဒေတာ”တွေလည်းရှိတော့မှာ မဟုတ်သလို၊ လူသားမျိုးနွယ်ဟာလည်း လုပ်ကြံဖန်တီးထားတဲ့ သတင်းတု၊ သတင်းမှားတွေကြားထဲမှာပဲမျက်စိကန်းနားကန်း လမ်းပျောက်ကျန်ရစ်ခဲ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပြဿနာဟာ သတင်းဌာနတွေရဲ့ အကျိုးစီးပွားတစ်ခုတည်း မဟုတ်ဘဲ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံး ယုံကြည်စိတ်ချရတဲ့ အမှန်တရားကို ဆက်လက်ရရှိနိုင်ဖို့နဲ့ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းအဖြေရှာ ကာကွယ်ရမယ့် အရေးကြီးတဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတော့တယ်။ ။

ကိုးကား – The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

ဆောင်းပါး

(Social Media ရဲ့ နောက်တစ်ဆင့်)

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...