ဇူလိုင် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ရဲ့ ရှေ့တန်း စစ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၂၀လက်ခန့် သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ၁၀ရက် မနက်ပိုင်းက ပူတာအို-ခေါင်လမ်ဖူးဒေသတွင်းသို့စစ်ရေးပြင်ဆင်ကာ နေရာယူ တပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“လက်နက်ငယ် လက်နက်ကြီး စုစုပေါင်း ၂၀ ခန့် သိမ်းဆည်းရရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်က ထိခိုက်သေဆုံးမှုများ ရှိပြီး စခန်းစွန့် ထွက်ပြေးသွားတဲ့ သတင်းကိုလည်း စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။
ဒါ့အပြင် KIA တပ်မဟာ(၁၁) နယ်မြေ ရွှေကူမြို့နယ်ဘက်မှာ တိုက်ပွဲတွေ နေ့တိုင်း ပြင်းထန်နေတယ်လို့ အသိပေးပါတယ်။
“ရန်သူ့စခန်း သိမ်းရတာတွေ အများကြီး ရှိတယ်။ သေချာမထုတ်ပြန်တာ။” လို့ သတင်းရင်းမြစ်က လတ်တလော ရွှေကူဒေသ စစ်ကောင်စီတပ်စခန်းအချို့ သိမ်းရတယ်ဆိုတဲ့ ရေးသားချက်တွေအပေါ် ရှင်းပြပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေပြီး ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုးဒေသကနေ ရွှေကူမြို့နယ်ကို စစ်အင်အားတွေ ပို့ဆောင်စုဖွဲ့လျက်ရှိရာ မေလဆန်းကစပြီး ယနေ့အထိ ငါးအိုး-ရွှေကူကြား တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားခဲ့တာပါ။
KIA သတင်းပြန်ကြားရေးဌာနရဲက ပြီးခဲ့တဲ့ ရက်ပိုင်း သတင်းဖော်ပြချက်မှာလည်း KIA တပ်မဟာ အများစု နယ်မြေတွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေကြောင်း အသိပေးထားပါတယ်။

















































