ဇူလိုင်-၁၉၊၂၀၂၆/People’s Spring
ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ဒီကနေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်အချို့ရဲ့ ဗိမာန်တွေဆီ သွားပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိဘတွေကိုလည်း သွားရောက်ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာ့လွတ်လပ်ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလေးအနက် ဂါရဝပြုကြောင်း၊ သမိုင်းတစ်လျှောက် မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ အာဇာနည် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ရဲ့ မွန်မြတ်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း အထူးအောက်မေ့ဂုဏ်ပြုကြောင်း ရွှေဘိုပကဖက အသိပေးပါတယ်။
ယခုလက်ရှိ နွေဦးတော်လှန်ရေးကာလမှာလည်း ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရဲဝံ့စွာ ရင်ဆိုင်တော်လှန်ရင်း အသက်ပေးလှူခဲ့ကြတဲ့ သူရဲကောင်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေအားလုံးရဲ့ အာဇာနည်စိတ်ဓာတ်ကို အလေးအမြတ်ပြုကာ ၎င်းတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သန္နိဋ္ဌာန်ပြုခဲ့ပါတယ်။

Public Service Announcement

















































