ဇူလိုင်-၂၂၊၂၀၂၆။People’s Spring
မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။
ဒါကြောင့်Burma Campaign UKရဲ့‘ညစ်ပတ် လုပ်ငန်းများ’လို့ ခေါ်ဝေါ်တဲ့ စာရင်းထဲမှာ စုစုပေါင်း ကုမ္ပဏီ ၂၂၈ ခုထိ ရှိလာပြီ ဖြစ်ပါတယ်။
အဲဒီ စာရင်းဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့၊ ဒါမှမဟုတ် မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းပျက်စီးမှုတွေနဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီတွေကို မှတ်တမ်တင်ထားတာလို့ Burma Campaign UKက ဆိုပါတယ်။

Public Service Announcement
အသစ်ထည့်သွင်း သတ်မှတ်လိုက်တဲ့ ကုမ္ပဏီတွေ စာရင်းမှာ Halliburton၊ SLB၊ Fortinet၊ Cisco၊ Oracle၊ SpaceX နဲ့ Microsoftတို့လည်း ပါဝင်လာပါတယ်။
အသစ်ထပ်ဖြည့်တဲ့ကုမ္ပဏီ ၅၃ ခုထဲမှာ ၁၈ ခုဟာ အမေရိကန် အခြေစိုက် လုပ်ငန်းတွေဖြစ်ပြီး အဓိကအားဖြင့် နည်းပညာ၊ ရေနံနဲ့ ဓာတ်ငွေ့ နယ်ပယ်ထဲက ဖြစ်တယ်လို့ Burma Campaign UKက ပြောပါတယ်။ ဒီအချက်ကပဲ အာဏာသိမ်း မြန်မာစစ်တပ်အပေါ် အမေရိကန် အစိုးရက သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေမှာ ဟာကွက်တွေ၊ အားနည်းချက်တွေ ရှိနေတာကို မြင်သာစေပြီး အမေရိကန်ကုမ္ပဏီ တချို့ဟာမြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေကို နည်းပညာနဲ့ ဝန်ဆောင်မှုတွေ ဆက်လက် ထောက်ပံ့ခွင့် ရနေကြောင်း အဲဒီ အဖွဲ့က ထောက်ပြခဲ့ပါတယ်။
စာရင်းထဲ အသစ်ထပ်ဖြည့်တဲ့ ကုမ္ပဏီတွေဟာ နိုင်ငံပေါင်း ၁၇ ခုဆီက ဖြစ်ပြီး ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေဆီက ၄ ခုနဲ့ ဗြိတိန်က ၁ ခုတို့လည်း ပါဝင်ပါတယ်။ ပြီးတော့ နည်းပညာ နယ်ပယ်က ကုမ္ပဏီ စုစုပေါင်းက ၁၆ ခုဖြစ်ပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီပေါင်း ၁၄ ခု ပါဝင်လာပါတယ်။
မြန်မာစစ်တပ်ဟာတော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့ ငွေကြေး၊ နည်းပညာနဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ ရရှိနိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီတွေအပေါ် အကြီးအကျယ် မှီခိုနေရကြောင်းလည်း Burma Campaign UKက ပြောပါတယ်။
အခုလို ညစ်ပတ်လုပ်ငန်းတွေ စာရင်းကို ပြုစုရတာဟာ နိုင်ငံတကာ ကုမ္ပဏီတွေ အနေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်မှု အားလုံးကို ဖြတ်တောက်အောင် တွန်းအားပေးဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ကြောင်းလည်း Burma Campaign UKက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေး ပဋိပက္ခတွေနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့သလို ၁၄,၀၀၀ ကျော်ဟာ စစ်တပ်ရဲ့ မတရား ဖမ်းဆီး ချုပ်နှောင်မှုကို ခံထားရဆဲဖြစ်ကြောင်း၊လူပေါင်း ၅ သန်းလောက်ကတော့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရကြောင်းလည်း Burma Campaign UKရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကိုးကား- Burma Campaign UK


















































