စက်တင်ဘာ-၅၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာအားပေးအားမြှောက် ပါဝင်ပတ်သက်ခဲ့သလား ဆိုတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Telenorကို စုံစမ်း စစ်ဆေးနေကြောင်း နော်ဝေးရဲတပ်ဖွဲ့ကပြောပါတယ်။
နော်ဝေးအခြေစိုက်Telenorကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေး စျေးကွက်မှာ ပါဝင်ခဲ့ဖူးပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးမှာတော့ မြန်မာလုပ်ငန်းခွဲ ရှယ်ယာတွေကို ရောင်းချပြီး မြန်မာနိုင်ငံကနေထွက်ခွာသွားပါတယ်။
ဒါပေမဲ့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ Telenorက အားပေးကူညီခဲ့သလားဆိုတဲ့ သံသယ အခြေအနေတွေအတွက် အခုအခါ နော်ဝေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာပါ။အဓိက သံသယရှိတဲ့ အချက်တွေထဲမှာတော့ ပိတ်ဆို့အရေးယူမှုဆိုင်ရာဥပဒေတွေကိုပါTelenorကချိုးဖောက်ခဲ့သလားဆိုတာမျိုးတွေလည်းပါဝင်ပါတယ်။

Public Service Announcement
စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ အော့စလိုမြို့တော်မှာ ရှိနေတဲ့ Telenor ဌာနချုပ်ကို ရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပါတယ်။မြန်မာစစ်တပ်ကအရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အချိန်မှာ Telenorရဲ့ မြန်မာ လုပ်ငန်းခွဲဟာသုံးစွဲသူတွေဆီကရရှိထားတဲ့ အချက်အလက်တွေကို စစ်တပ် အာဏာပိုင်တွေဆီ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့တယ်လို့ နော်ဝေး ရဲတပ်ဖွဲ့က ပြောပါတယ်။
Telenorကတော့ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့အနီးကပ်ပူးပေါင်းပြီးအခြေအနေတွေကိုရှင်းရှင်းလင်းလင်းဖြစ်လာအောင် အစွမ်းကုန် ကူညီမယ်လို့ ပြောပါတယ်။ Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ Telenorက “စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်သူတွေအတွက် ကြေကွဲနာကျင်စရာပါ။အဲဒီအချိန်တုန်းကTelenorဟာလည်း ကောင်းမွန်တဲ့ရွေးချယ်စရာတစ်ခုခုရှာမတွေ့နိုင်လောက်အောင်အကျပ်အတည်းထဲရောက်ခဲ့ပါတယ်”လို့ တုံ့ပြန် မှတ်ချက်ပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊မတ်လမှာတော့Telenorဟာမြန်မာလုပ်ငန်းခွဲ ရှယ်ယာအားလုံးကို ရောင်းချပြီး မြန်မာမိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု စျေးကွက်ကိုအပြီးတိုင်ကျောခိုင်းသွားခဲ့ပါတယ်။
အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာရှိနေခဲ့တဲ့ ကာလအတောအတွင်းစစ်တပ်ရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေ ဖမ်းဆီးထောင်ချခံရတာ၊ နှိပ်စက်ခံရတာ၊ သေဒဏ်စီရင် ချမှတ်ခံရတာတွေထိ ဖြစ်နိုင်ခြေ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ကြောင်း၊ ကုမ္ပဏီ အနေနဲ့ ရွေးချယ်စရာ ဘာမှမရှိတော့ဘူးလို့ လက်ခံခဲ့ရပြီး ဝန်ထမ်းတွေရဲ့ အသက်နဲ့လည်း အရင်းအနှီးလုပ်ပြီး အရဲမကိုးရဲခဲ့ကြောင်း Telenorက ဆိုပါတယ်။
လက်ရှိ နော်ဝေးရဲတပ်ဖွဲ့က စစ်ဆေးမှုတွေကတော့ မြန်မာ လုပ်ငန်းခွဲကို ရောင်းချချိန်မှာ ပိတ်ဆို့တားမြစ်ထားတဲ့စောင့်ကြည့်ထောက်လှမ်းမှုဆိုင်ရာ နည်းပညာ ပစ္စည်းတွေကို Telenorက လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်အပေါ်အခြေပြုထားတာ ဖြစ်ပါတယ်။ အဲဒီ အရောင်းအဝယ်အတွက် Telenorဟာ နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနဆီက ခွင့်ပြုချက်ကိုရယူခဲ့ခြင်းမရှိတာကြောင့် ရဲတပ်ဖွဲ့က အရေးယူ တုံ့ပြန်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေခဲ့ချိန် အတောအတွင်းနော်ဝေးနဲ့ နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ခဲ့တဲ့ Telenorကို နော်ဝေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Justice for Myanmarရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးမရတနာမောင်ကပြောပါတယ်။
Justice for Myanmarဟာ International Commission of Jurists (ICJ)နဲ့ ပူးပေါင်းပြီး အဲဒီစွပ်စွဲချက်ကို နော်ဝေး စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီ တင်ပြခဲ့တာ ဖြစ်ပါတယ်။ Spywareလို အချက်အလက်ဆိုင်ရာ အန္တရာယ်ရှိတဲ့ နည်းပညာမျိုးကို Telenorက အာဏာသိမ်း စစ်တပ်ဆီ မျှဝေခဲ့ကြောင်းကို ICJနဲ့ Justice for Myanmarတို့က ပူးပေါင်းပြုစုပြီး နော်ဝေး တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေဆီပေးပို့တဲ့ဖိုင်ထဲမှာအကျယ်တဝင့် ရှင်းပြထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ Telenorရဲ့ လုပ်ဆောင်ခဲ့တာတွေ၊ မြန်မာနိုင်ငံကနေ ထွက်ခွာချိန်မှာ မြန်မာပြည်သူတွေ ထိခိုက်နစ်နာအောင် ဆုံးဖြတ်ခဲ့တာတွေအတွက်တာဝန်ယူမှု၊တာဝန်ခံမှုရှိလာစေဖို့မျှော်လင့်ကြောင်းJustice for Myanmar က ပြောပါတယ်။
ကိုးကား-Reuters

















































