လူမှောင်ခိုမှုနဲ့ သက်ငယ်မုဒိမ်းမှု တရားခံ ဂျက်ဖရီ အပ်စတိန်းကို မိန်းကလေး ငယ်ငယ်လေးတွေနဲ့ မိတ်ဆက်ပေးခဲ့သူ လူသစ်တန်း မော်ဒယ် ရှာဖွေရေး ကျွမ်းကျင်သူ တစ်ဦးကို သေဆုံးလျက်သား ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ပြင်သစ်သား ပရော်ဖက်ရှင်နယ် သွေးသစ် မော်ဒယ် ရှာဖွေရေး ပညာရှင် ဒန်နီရယ်လ် ဆိုင်ယက်ဒ်ရဲ့ အလောင်းကို ပါရီ မြို့တော်နားမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ အခုသီတင်းပတ် အစောပိုင်းက ရှာတွေ့ခဲ့တာလို့ ပြင်သစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ရဲတွေက တိတိကျကျ မပြောသေးဘဲ သေမှုသေခင်းဆိုင်ရာ ရင်ခွဲစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ပဲ ကြေညာထားပါတယ်။
မကြာသေးခင်က ဆိုင်ယက်ဒ်ဟာ CNNနဲ့ အင်တာဗျူးကို လက်ခံ ဖြေကြားခဲ့ရာမှာ သူက အမျိုးသမီးတွေကို အပ်စတိန်းနဲ့ မိတ်ဆက်ပေးဖူးတာကို ဝန်ခံပေမယ့် အပ်စတိန်းက သူတို့အပေါ် နစ်နာအောင် ကျူးလွန်မယ်မှန်း မသိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ သူမိတ်ဆက်ပေးခဲ့ဖူးတဲ့ မိန်းကလေးတွေထဲက နှစ်ယောက်က အပ်စတိန်းဟာ သူတို့အပေါ် အမြတ်ထုတ်ခဲ့ကြောင်း နောက်ပိုင်းမှာ ထုတ်ဖော် စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
အပ်စတိန်းဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့တိုင် ဆိုင်ယက်ဒ်လိုမျိုး ဖက်ရှင် လုပ်ငန်းနဲ့ ဆက်စပ်သူတွေကတော့ သူနဲ့ ဆက်လက်ပြီး လက်တွဲ အလုပ်လုပ်တာတွေ ရှိခဲ့သလို ဖက်ရှင်ပြပွဲတွေဆီကိုလည်း အပ်စတိန်းကို ဖိတ်ခေါ်ခဲ့ပါတယ်။
သူကျူးလွန်ခဲ့တာတွေအတွက် အပြစ်ကို ပေးဆပ်ပြီးပြီလို့ အပ်စတိန်းက ပြောခဲ့ကြောင်း၊ သူကလည်း ယုံကြည်မိခဲ့ကြောင်း အသက် ၆၉ နှစ်အရွယ် ဆိုင်ယက်ဒ်က CNNကို ပြောကြားခဲ့ပါတယ်။
အပ်စတိန်းဟာ ၂၀၀၉ ခုနှစ်တုန်းက အကျဉ်းချခံနေရတုန်း သေဆုံးသွားခဲ့ပေမယ့် သူကျူးလွန်ခဲ့တဲ့ မှုခင်းတွေရဲ့ အရှုပ်တော်ပုံတွေကတော့ နောက်ဆက်တွဲ ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီး ဂယက်ရိုက်ခတ်နေဆဲပါ။ နှစ်ဆန်းပိုင်းမှာတော့ ပြင်သစ် ရဲတပ်ဖွဲ့က အပ်စတိန်း အမှုနဲ့ ပတ်သက်တဲ့ လူမှောင်ခို လှုပ်ရှားမှုတွေ၊ တခြားရာဇဝတ်မှုတွေကိုလည်း ပြည်တွင်းမှာ စတင်ဖြန့်ကျက် စုံစမ်းနေကြောင်း ထုတ်ပြန်ထားပါတယ်။
ပါရီမြို့မှာရှိတဲ့ အစိုးရရှေ့နေရုံးက ဆိုင်ယက်ဒ်ဟာ စုံစမ်းစစ်ဆေး ခံရသူတွေထဲမှာ ပါဝင်နေပြီး တယ်လီဖုန်း မှတ်တမ်းတွေကို စစ်ဆေးတာမျိုး နည်းလမ်းတွေကိုလည်း အသုံးပြုနေကြောင်း၊ ဒါပေမဲ့ သူ့ကို ချက်ချင်း ဖမ်းဆီးနိုင်လောက်အောင် လုံလောက်တဲ့ ဘာအထောက်အထားမှ မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အခုတော့ ဆိုင်ယက်ဒ်ဟာ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မှတ်တမ်းတွေအရ အပ်စတိန်းဟာ ဆိုင်ယက်ဒ်ဆီ ဒေါ်လာသောင်းနဲ့ချီ ငွေပေးချေခဲ့တာတွေကိုလည်း အတည်ပြုထားပါတယ်။ အပ်စတိန်းဆီ ပေးပို့ထားတဲ့ message တစ်စောင်မှာတော့ ချစ်စရာ ပြင်သစ်မလေး တစ်ယောက်က အပ်စတိန်းနဲ့ ဆုံချင်နေတယ်လို့ ရေးသားထားပါတယ်။ ၂၀၁၈ တုန်းက အီးမေးလ် တစ်စောင်မှာတော့ ဆိုင်ယက်ဒ်က အရမ်းလိမ္မာပြီး မော်ဒယ်တစ်ဦး၊ လက်ထောက်တစ်ဦးအဖြစ် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဓာတ်ပုံကို အပ်စတိန်းဆီ ပေးပို့ခဲ့ပြီး အပ်စတိန်းကတော့ ‘အသက်ကြီးလွန်းနေပြီ’လို့ တုံ့ပြန်ထားခဲ့ပါတယ်။
ဆိုင်ယက်ဒ်ဟာ အပ်စတိန်းဆီကို မိန်းကလေးငယ်တွေရဲ့ ဓာတ်ပုံတွေ အများကြီး ပေးပို့ခဲ့ပြီး တချို့ကတော့ မြှူဆွယ်ဖြားယောင်းမှုဆန်ဆန် ကိုယ်နေဟန်ထားတွေနဲ့ ရိုက်ကူးထားတာလို့ စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေအရ သိရပါတယ်။
အမေရိကန် တရားရေး ဝန်ကြီးဌာနက အပ်စတိန်းအမှုနဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် ၂၀၀၀ ကျော်ရဲ့ နာမည်တွေကို စာရင်းပြုစုထားရာမှာ ဆိုင်ယက်ဒ်ကလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
အပ်စတိန်းဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ သမ္မတဟောင်း ဘီလ်ကလင်တန်တို့လို ပုဂ္ဂိုလ်တွေနဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ဖူးတာကြောင့်လည်း သူ့အမှုဟာ ပိုပြီး အများအာရုံစိုက်စရာ ဖြစ်နေပါတယ်။ ထရမ့်ကတော့ သူဟာ အပ်စတိန်းနဲ့ ခင်မင်ခဲ့ဖူးတာကို ဝန်ခံပေမယ့် အပ်စတိန်း ကျူးလွန်ခဲ့တဲ့ ကိစ္စတွေအကြောင်း ဘာမှ မသိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
ကိုးကား: CNN


















































