ဇူလိုင် ၂၄၊ ၂၀၂၆ ။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ကျရောက်တဲ့ (၇၉)နှစ်မြောက် အာဇာနည်နေ့မှာ မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေ ဦးဆောင်မှုနဲ့ အိပ်ဆောင်ထဲမှာ အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့ကြောင်း၊ ဝမ်းနည်းတဲ့အထိမ်းအမှတ် အဖြစ် ၁မိနစ်ငြိမ်သက်ချိန်မှာ ထောင် အာဏာပိုင် တွေ ရောက်ရှိလာပြီး အခမ်းအနားကို ဦးဆောင်ကျင်းပတယ်လို့ ယူဆတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးက ထုတ်ပြန်ပါတယ်။
“တိုက်ထဲပြောင်းတာလည်း ဖြစ်နိုင်သလို မိန်းဂျေးကိုခေါ်ထုတ်ပြီး ရိုက်တာမျိုး၊ မြို့တော်ခန်းမကို စစ်ကြောရေး ပြန်ခေါ်ထုတ်တာမျိုး အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် ပြည်သူလူထုက ဘေးကဝန်းရံဖို့တော့လိုပါတယ်”လို့ နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အခမ်းအနားကို အကျဥ်းသားတွေအားလုံးနီးပါး ငြိမ်သက်စွာ ကျင်းပနေချိန်မှာ ထောင်အာဏာပိုင်တွေက ဗဟိုကင်းနဲ့ မျှော်ကင်းကနေ သေနတ်တွေ ကျည်ထိုးမောင်းတင်ကာ အကျဥ်းသားတွေကို ပစ်သတ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာအကျဥ်းထောင်မှာ အကျဥ်းသားနဲ့ အကျဥ်းသူ ၉၀၀ နီးပါးခန့်ရှိပြီး နိုင်ငံရေးအကျဥ်းသား၊အကျဥ်းသူ ၅၄၄ ဦးရှိတယ်လို့ နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသားတွေကို ဆိုးရွားစွာ ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး ဇူလိုင် ၂၃ ရက်ကလည်း တောင်ငူအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့ခဲ့ပါသေးတယ်။


















































