ဇူလိုင်-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် နဲ့ ကမ်းရိုးတန်းချင်းထိစပ်နေတဲ့ရွှေသောင်ယံမြို့နယ်၊ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ။
တိုက်ပွဲဖြစ်တဲ့နေရာတွေကိုပုသိမ်၊မကွေးနဲ့ မှော်ဘီလေတပ်က တိုက်လေယာဉ်တွေအသုံးပြုဗုံးကြဲနေပြီး ဇူလိုင်၂၅ရက်နေ့လယ်ပိုင်းမှာလည်း ရခိုင်ရိုးမဘက်ကို ဦးတည်တဲ့တိုက်လေယာဉ်တွေ မကြာခဏဖြတ်ပျံသွားတယ်လို့ ဧရာဝတီတိုင်းမှသတင်း ရင်းမြစ်တွေကပြောပါတယ်။

Public Service Announcement
“ဇူလိုင်လထဲမှာတရက်မှမနားသေးဘူး။ တိုက်လေယာဉ်တွေကနေ့ရောညပါပျံတာ။ညဘက် ဆိုရင် လက်နက်ကြီးပစ်ခတ်သံတွေလည်းကြားရတယ်”လို့ လေးမျက်နှာမြို့နယ်နဲ့ဆက်စပ်နေတဲ့ အင်္ဂပူမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။
ဇွန်လနဲ့ ဇူလိုင်လဆန်းကတိုက်ပွဲတွေမှာ ရေကြည်မြို့နယ်ထဲကစစ်တပ်စီစခန်းတွေကိုအာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဆက်တိုက်သိမ်းယူနေပါတယ်။
ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈)ကုန်းနဲ့ပွိုင့် (၁၄၈)ကုန်းကို AAကဇွန်လအတွင်းသိမ်းယူပြီး ဇူလိုင်လ ၂ရက်နဲ့ ၃ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAကဇူလိုင်လ ၄ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့ဘက်မှာလည်း အင်အားဖြည့်တင်းနေတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်း တပ်ဖွဲ့ဝင်အင်အားအများအပြားသုံးပြီး နေရာယူထားတယ်လို့လည်းသတိပေးထားပါတယ်။
စစ်တပ်က လက်လွတ်ဆုံးရှုံးလိုက်ရတဲ့စခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကိုဂျက်ဖိုက်တာ၊ ဒရုန်း၊လက်နက်ကြီးတွေ နဲ့ ဆက်တိုက် ဗုံးကြဲပစ်ခတ်နေတယ်လို့ ပြီးခဲ့တဲ့ဇူလိုင်က၇ရက်နေ့မှာ AAက ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ကရခိုင် နဲ့ ဧရာဝတီကမ်းခြေတလျှောက်ကနေ ဂွမြို့နယ်ထဲကို လေကြောင်းကနေရော၊လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေလို့လုံခြုံရေးသတိပြုကြဖို့ AAကထုတ်ပြန်ထားပါတယ်။ AAက ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလက သိမ်းယူပြီးတဲ့နောက်ပိုင်း ရွှေသောင်ယံ၊ သာပေါင်းနဲ့ ဂွမြို့နယ်စပ်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
ရွှေသောင်ယံမြို့နယ်ထဲမှာ ၂၀၂၅ ဇန်နဝါရီလထဲမှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဘောမိ နဲ့ မကျီးစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အိမ်ခြေလေးရာကျော်ရှိတဲ့ ဘောမိရွာကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။ လက်ရှိမှာလည်းစစ်တပ်ကပုသိမ်-ရွှေသောင်ယံလမ်းကနေတဆင့် စစ်အင်အားတွေဖြည့်နေတယ်လို့သိရပါတယ်။
အလားတူ ရေကြည်နဲ့လေးမျက်နှာမြို့နယ်မှာရှိတဲ့ တိုက်ပွဲရှေ့တန်းနေရာတွေကို ကွင်းကောက်မြို့က စစ်တပ်တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)ကနေ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပို့ဆောင်နေပါတယ်။ရေကြည်မြို့နယ်နဲ့ဆက်စပ် ဒေသတွေကို ပုသိမ်မြို့ကနေ ငဝန်မြစ်ကြောင်းအတိုင်း အင်အားဖြည့်နေသလိုဟင်္သာတ-ပုသိမ် လမ်းပိုင်းကနေပါ စစ်တပ်က အင်အားဖြည့်နေပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းတွေကို လူလှိုင်းအသုံးပြုပြီး ထိုးစစ်ဆင်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင်းအများအပြားသေဆုံးနေပြီး ထွက်ပြေးနေသူတွေ၊ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာသူတွေလည်းရှိနေပါတယ်။
တိုက်ပွဲတွေပြင်းထန်နေစဉ် ဧရာဝတီတိုင်းထဲက ပုသိမ်၊ သာပေါင်း၊ ငပုတော၊ မအူပင်၊ ဟင်္သာတ၊ မြန်အောင်အပါအဝင် တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့နီးစပ်တဲ့ မြို့နယ်တွေမှာ စစ်တပ်က စစ်ဆေးမှုတွေတင်းတင်းကြပ်ကြပ်လုပ်နေပါတယ်။


















































