ဇူလိုင် ၂၆၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေတင်မကဘဲ နှစ်ဘက်ပရိသတ်တွေပါ အငြင်းပွားမှုဖြစ်ပြီး တုတ်တွေ၊ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြတာကြောင့် ပွဲပျက်သွားခဲ့ပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာမှာ မိုးရာသီအလွတ်တန်း(ဂိုးလတ်ပြိုင်ပွဲ) ကျင်းပခဲ့ရာမှာ မန္တလေးမြို့အနီးတဝိုက် ကျေးရွာတွေက ဘောလုံးအသင်းတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ မနေ့က ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီက မေတ္တာပေါင်းကူးအသင်းနဲ့ ကံပိုင်(က)အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာမှာတော့ နှစ်ဘက် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပရိသတ်ထဲမှာပါ တုတ်တွေခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ပြေးလွှားတိမ်းရှောင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဒီနှစ်သင်းလုံးကို ကော်မတီက ဆုံးဖြတ်ချက်မရှိဘဲ အနိုင်အရှုံးမပေးဘူး။..ပြဿနာဖြစ်တဲ့အထဲမှာ ဘောလုံးသမားတွေ ပါဝင်တာကို မှတ်ထားပါတယ်။ အဲဒီဘောလုံးသမားတွေကို ပွဲပယ်သွားမှာဖြစ်ပါတယ်။ မိမိတို့ အနိုင်ရရှိနေသော်လည်း မြင်လို့မကောင်းအောင် လိုက်သောင်းကျန်းနေတဲ့ဘောလုံးသမားတွေ ရှိပါတယ်။ အဲဒီအသင်းတွေကို ပွဲပယ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီလောက်ကြီး မိမိလည်း နိုင်ရဲ့သားနဲ့ အဲလောက်ကြီးကျ အဆင်မပြေဘူးခင်ဗျ။ ပရိသတ်အချင်းချင်းဖြစ်တာ လက်ခံနိုင်ပါတယ်။ ဘောလုံးသမားထဲမှာ ဆိုးဆိုးရွားရွား လေးယောက်လောက် တွေ့ပါတယ်။ ကျွန်တော်များ ပွဲပယ်သွားမှာဖြစ်ပါတယ်။ အသင်းအုပ်ချုပ်သူ၊ အဓိကတာဝန်ရှိသူတွေအနေနဲ့လည်း မိမိတို့ အသင်းသားတွေကို မထိန်းနိုင်တဲ့အတွက် ပွဲပယ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေဖြစ်တာနဲ့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။”လို့ ပွဲကျင်းပရေးကော်မတီက မိုက်နဲ့ကြေညာခဲ့ပါတယ်။

Public Service Announcement
ခဲမိုးရွာခဲ့တာကြောင့် နန္ဒာမြောက်ကျေးရွာ မိုးရာသီအလွတ်တန်း(ဂိုးလတ်ပြိုင်ပွဲ) ရှုံးထွက် ပွဲစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း၊ ပရိသတ်ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကစားသမားတွေကို ပွဲပယ်ပြစ်ဒဏ်တွေချဖို့ အစည်းအဝေးလုပ်နေတယ်လို့ နန္ဒာမြောက်ဘောလုံးကော်မတီက ကြေညာပါတယ်။
“လုံခြုံရေး တော်တော်အားနည်းတယ်ဗျာ။ တရုတ်ကားတွေကြည့်ထားလို့တော်သေးတယ်”လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
အဆိုပါဖြစ်စဥ်ဟာ ဘောလုံးကွင်းထဲတင်မကဘဲ Tiktok ပေါ်အထိ ရန်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာအချင်းချင်းပါ ထိပါးပြောဆိုတာ၊ ရေးသားတာတွေရှိနေကြောင်း သိရပါတယ်။


















































