Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ဖြစ်စဉ်တွေအတွက် အာဂျင်တီးနားကို ဖီဖာက စုံစမ်းစစ်ဆေးမှုတွေ စတင်

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

အခုလလယ်က အမေရိကန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ စပိန်က အာဂျင်တီးနားကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲသိမ်းခရာ မှုတ်ပြီး စပိန်ကစားသမားတွေ အောင်ပွဲခံနေချိန်မှာတော့ အာဂျင်တီးနား ကစားသမား နှစ်ဦးနဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးက ကိုယ်ထိလက်ရောက် ရန်လိုတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဖီဖာဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ဖို့အတွက် စည်းကမ်းနဲ့ ကျင့်ဝတ်ဆိုင်ရာ ရှေ့နေတစ်ဦးကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်က ဖြစ်စဉ်တွေကို ပြန်လည် သုံးသပ် လေ့လာပြီး တင်ပြခဲ့တဲ့ အကြံပြုချက်တွေအရ အာဂျင်တီးနား ကစားသမားတွေဖြစ်တဲ့ နာဟူလ်မိုလီနာ၊ လီယန်ဒရို ပါရီဒက်စ်၊ လက်ထောက် မန်နေဂျာ ရောဘတ်တို အာယာလာတို့ကို ကိုယ်ထိလက်ရောက် ရန်လိုမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖီဖာက ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သူတို့သုံးဦးဟာ ဖီဖာရဲ့ ကျင့်ဝတ်စည်းကမ်း ပုဒ်မ ၁၄ သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ပါရီဒက်စ်က စွဲချက် သုံးခု၊ မိုလီနာက နှစ်ခုနဲ့ အာယာလာက တစ်ခု အသီးသီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိုလီနာအပြင် အာဂျင်တီးနား ကစားသမား သီယာဂို အယ်လ်မာဒါနဲ စပိန်ရဲ့ ဂါဗီတို့ဟာလည်း သီးခြားစွပ်စွဲချက် တစ်ခုဖြစ်တဲ့ အားကစားသမား မပီသတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေး ခံရမှာ ဖြစ်ပါတယ်။

ဖီဖာ သတ်မှတ်ချက်တွေအရ ပြစ်မှုထင်ရှားမယ်ဆိုရင် အားကစားသမား မပီသမှု စွပ်စွဲချက်အတွက် အနည်းဆုံး တစ်ပွဲပယ်ပြစ်ဒဏ်၊ ရန်လိုတိုက်ခိုက်မှုအတွက် အနည်းဆုံး သုံးပွဲပယ် ပြစ်ဒဏ် သတ်မှတ်ခံရနိုင်ပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ကိုယ်တိုင်လည်း အားကစား အဖွဲ့အစည်း မဆန်မှု၊ အသင်းရဲ့ အပြုအမူပိုင်း မှားယွင်းမှု၊ လူမျိုးရေး နှိမ့်ချမှုနဲ့ ခွဲခြားဆက်ဆံမှု၊ ပွဲစဉ်တွေရဲ့ လုံခြုံရေးကို ထိခိုက်စေမှုစတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင် ဖြေရှင်းရမှာ ဖြစ်ပါတယ်။

အဲဒီစွပ်စွဲချက်တွေဟာ ခွဲခြားဆက်ဆံမှုကို ပြသတဲ့ အော်ဟစ်မှုနဲ့ ကိုယ်အမူအယာတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေက မလျော်ကန်တဲ့ သတင်းစကားမျိုးကို ဖော်ပြတာတွေ၊ ပရိသတ်တွေက ကွင်းထဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ အစရှိတဲ့ လုပ်ရပ်မျိုးတွေအတွက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အာဂျင်တီးနား ကစားသမားတွေဟာ အင်္ဂလန်ကို အနိုင်ရတဲ့ အကြိုဗိုလ်လုပွဲ အပြီးမှာ ‘ဖောက်ကလန်ကျွန်းဟာ အာဂျင်တီးနားနဲ့ပဲ ဆိုင်တယ်’လို့ အဓိပ္ပါယ်ရတဲ့ စာတန်းကို ယူဆောင်လာပြီး အောင်ပွဲခံခဲ့တာကြောင့်လည်း အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါသေးတယ်။

အင်္ဂလန်က ထိန်းချုပ်ထားပြီး အာဂျင်တီးနား ကမ်းလွန်မှာ တည်ရှိတဲ့ ဖောက်ကလန်ကျွန်းကို ပိုင်ဆိုင်ခွင့်အတွက် ၁၉၈၂ ခုနှစ်မှာ နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ပြီး ဗြိတိန်က အနိုင်ရခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။

ဆောင်းပါး

တည်ငြိမ်တိတ်ဆိတ်တဲ့ လူတစ်ယောက်ရဲ့ လက်ရာကတော့ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကို ကျယ်လောင်တဲ့ အံ့အားသင့်မှု တွေနဲ့ လှုပ်ခတ် စေခဲ့ပါတယ်။