သြဂုတ် – ၂ ၊၂၀၂၆ ၊ နိုင်ပကောင်း/Peopel’s Spring
စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။
နိုင်ငံမှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးစွမ်းပကားရဖို့အတွက် စစ်မှုထမ်း ဥပဒေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ စစ်တပ်က ဖန်တီးထားတဲ့ လွှတ်တော်မှာ ဇူလိုင်လ ၃၁ ရက်က အာဏာသိမ််းခေါင်းဆောင်က လူသိရှင်ကြားပြောလိုက်တာပါ။
တဆက်တည်းမှာပဲ စစ်တပ်ရဲ့ တိုက်စွမ်းအားအတွက် လိုအပ်တဲ့အရင်းအမြစ်တွေကိုလည်း ဆက်လက်ဖြည့်ဆည်းမယ်လို့ အာဏာသိမ်း ခေါင်းဆောင်က ဆိုပါတယ်။

Public Service Announcement
အာဏာသိမ်းခေါင်းဆောင်ရဲ့ ပြောကြားချက်ထဲမှာ ပြည်ပ ကိုထွက်ခွာသွားသူတွေထဲမှာ အသက် ၁၅ နှစ်ကနေ ၃၄ နှစ်ကြားအသက်အရွယ်အုပ်စုဟာ ၇၁ဒဿမ ၇ ရာခိုင်နှုန်းရှိတယ်လို့ဝန်ခံသွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး နိုင်ငံအဝှမ်း လက်နက်ကိုင်တော်လှန်မှုကိုတွေကိုရင်ဆိုင်လာရပြီးနောက်တပ်အင်အား အကျအဆုံးများလာချိန် ၂၀၂၄ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်း ဥပဒေကိုအသက်သွင်းပါတယ်။
အဲဒီဥပဒေကိုသုံးပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်အမျိုးသားတွေကိုပစ်မှတ်ထားပြီး လူသစ်စုပါတယ်။ မြေပြင်မှာ တော့ ၁၈ နှစ်မပြည့်သေးသူတွေ ၊ အသက် ၃၅ နှစ်ကျော်သူတွေကိုပါ စုဆောင်းတာပါ။
ဒါကို အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင် ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းက ဝန်ခံထားပါတယ်။ အသက်မပြည့်သေးတဲ့ ကလေး ၁၁၃ ဦးကို မိဘတွေဆီ ပြန်အပ်နှံပေးခဲ့ရတယ်လို့ စစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့တာပါ။
ဒါအပြင် အာဏာသိမ်းစစ်တပ်ရဲ့ပြည်ထဲရေးဒုဝန်ကြီးကလည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ရာမှာ တိမ်းရှောင်သူတွေကို လမ်းခရီးတွေမှာ စောင့်ကြည့်ဆင့်ခေါ်တာ ၊ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာတွေရှိတယ်ဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်က စစ်တပ်ရဲ့ လွှတ်တော်မှာ ဝန်ခံခဲ့ပါတယ်။
အဲဒီလို ခေါ်ဆောင်တဲ့အပေါ် အများပြည်သူက အဓမ္မဖမ်းဆီးတဲ့သဘော ထင်မြင်နေတယ်လို့လည်း သူက ပြောသွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူငါးထောင်နှုန်းအင်အားစုစည်းမယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားတာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်အထိအမှတ် (၂၆)ကို ဖွင့်လှစ်ထားတဲ့အတွက် တပ်သားသစ်အင်အား ၁၃၀,၀၀၀ ရထားပြီလို့ အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။
အခုနှစ် ဇူလိုင်လ ၃ ရက်အထိတော့ အမှတ်( ၂၄) အထိသင်တန်းဆင်းထားပါတယ်။ စစ်မှုထမ်းအတွက် လူသစ်စုရာမှာရပ်ကွက် ၊ကျေးရွာတွေမှာ လူငယ်လူရွယ်တွေရှိတဲ့နေအိမ်တွေကိုဖိအားပေးပြီး မဲနှိုက်စေတာ ၊ အိမ်ထဲထိအဓမ္မဝင်ရောက်ဖမ်းဆီးတာ ၊ ပေါ်တာဆွဲတာ စတဲ့နည်းလမ်းမျိုးစုံသုံးနေတာပါ။
စစ်သင်တန်းဆင်းပြီးစလူငယ်လူရွယ်တွေကို ရှေ့တန်းစစ်မျက်နှာတွေဆီ စေလွှတ်နေတာကို စစ်မှုထမ်းအဖြစ်စုဆောင်းခံရသူအချို့ဆီကသိရပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်မှုထမ်းနှစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးသူတွေကိုတပ်က နုတ်ထွက်ခွင့်ပြုပြီး နေရပ်ပြန်စေတယ်ဆိုပြီးဝါဒဖြန့် တာတွေရှိနေပါတယ်။
တချိန်တည်းမှာပဲ အာဏာသိမ်းမှုကိုထောက်ခံတဲ့ စစ်တပ်လော်ဘီအချို့ကပဲ စစ်မှုထမ်းအပတ်စဉ် (၁) က သင်တန်းဆင်းတပ်သားတွေထဲမှာ သေသလား ၊ရှင်းသလားမသိဘဲ အဆက်အသွယ်မရသူတွေရှိနေတယ်လို့ထုတ်ဖော်ပြောကြားတာတွေရှိနေပါတယ်။


















































