■ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေသေးကြောင်းအထောက်အထားကိုအာဏာသိမ်းခေါင်းဆောင်ထိုင်းမသွားခင် ၃ ရက်အလိုမှထုတ်ပြန်
■ICRC ကမူ သတင်းမထုတ်ပြန်သေး
သြဂုတ်-၃၊၂၀၂၆။နေ့သစ်/People’s Spring
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ကယနေ့ မနက်မှာသွားရောက်တွေ့ဆုံတယ်လို့ စစ်ကောင်စီကဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ် ။

Public Service Announcement
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်ခွဲကျော်အတွင်းမှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကို စစ်တပ်လက်အောက်ခံမဟုတ်ပဲသီးခြားလွတ်လပ်တဲ့ ကြားခံအဖွဲ့အည်းကလူနဲ့ ယှဥ်တွဲပြီး လူမြင်ကွင်းမှာ ပထမဆုံးအကြိမ်ထုတ်ပြတာလည်းဖြစ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားခွင်အတွင်း CCTV မှတ်တမ်းဓါတ်ပုံ ပေါ် ထွက်ခဲ့ဖူးပေမယ့် အချိန်ကာလမသိခဲ့ရပါဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်ကောင်စီ အရာရှိအချိူ့ တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့ သတင်းအတိုကို ဧပြီ ၃၀ မှာ စစ်တပ်ထုတ်ပြန်ခဲ့ပေမယ့် အချိန်ကာလမပါသလို ပြည်သူအများစုက ပုံအစစ် ဟုတ် ၊မဟုတ် ဝေခွဲမရခဲ့ကြပါဘူး။
စစ်တပ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်သတင်းကို အမှောင်ချထားပြီး သားဖြစ်သူကိုပါ ဆက်သွယ်ခွင့်မပေးသလို ရှေ့နေတွေကိုပါဆက်သွယ်ခွင့်မရတော့လို့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် ရှိသေးရဲ့လားလို့ နိုင်ငံတကာကပါ ပူပန်စွာမေးခွန်းထုတ်လာမှ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့တွေ့ဆုံကြောင်းသြဂုတ် ၃ ရက်မနက်မှာထုတ်ပြန်လာတာဖြစ်ပါတယ်။
အဖြူရောင်ပေါ်မှာ ပန်းပွင့်ပုံ အီကျီလက်ရှည် ၊အနက်ရောင်ထဘီ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ICRC အရာရှိနဲ့တွေ့ဆုံချိန်မှာ ဦးခေါင်းမှာပန်းပန်ထားတာမတွေ့ရပါဘူး။စစ်တပ်က ဖမ်းဆီးထောင်ချထားတာ ၅ နှစ်ခွဲကျော်ခံထားရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆံပင်တွေဟာ သိသိသာသာ ဖြူလာတာကိုတွေ့ရပါတယ်။ဒါပေမယ့် စစ်တပ်က တွေ့ဆုံတဲ့ သတင်းဓါတ်ပုံကို ကြည်ကြည်လင်လင်ဖော်ပြမထားပဲ ပုံအရည်အသွေးမကောင်းပဲ ဝါးနေတဲ့ ဓါတ်ပုံကိုသာထုတ်ပြန်တာဖြစ်ပါတယ် ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေသေးကြောင်း ခိုင်မာတဲ့ အထောက်အထားကို စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်ခွဲကြာမှ ထုတ်ပြန်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Mr. Arnaude de Baqque က လာရောက်တွေ့ဆုံခဲ့တယ်လို့သာ အကျဥ်းဖော်ပြပြီး တွေ့ဆုံမှုအသေးစိပ်ကိုတော့ မဖော်ပြထားပါဘူး။
စစ်တပ်က အခုလိုထုတ်ပြန်ချိန်ဟာ အာဆီယံအပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသမားတွေကို ပြန်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုချိန် ၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သြဂုတ် ၆၊ ၇ မသွားခင် ၃ ရက်အလိုမှာထုတ်ပြန်တာဖြစ်ပါတယ် ။
ICRC ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့သတင်းနဲ့ ပတ်သက်ပြီး အခုချိန်ထိ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေထုတ်ပြန်တာမရှိသေးပါဘူး။ ဒါကြောင့် ICRC အနေ့နဲ့သတင်းထုတ်ပြန်ပေးဖို့ မင်းသားဒေါင်းနဲ့ နိုင်ငံရေးတက်ကြွသူအချို့က လူမှုကွန်ယက်မှာတောင်းဆိုနေကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီ သတင်းရင်းမြစ်အချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC အရာရှိတွေ့ဆုံတာဟာ ဇူလိုင် လကုန်ပိုင်းဖြစ်ပြီး စစ်တပ်က သြဂုတ် ၃ ရက်မှ တွေ့သလိုသတင်းထုတ်ပြန်တာဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် လူထုနွေဦးအနေနဲ့ တွေ့ဆုံတဲ့ရက်ကိုသီးခြားအတည်မပြုနိုင်ပါဘူး။ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Mr. Arnaude de Baqque ဟာ ဇူလိုင် ၃၀ ရက်ကနေပြည်တော်ရှိ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။ တွေ့ဆုံစဉ် မြန်မာနိုင်ငံထဲမှာ ICRC က ဆောင်ရွက်နေတဲ့လုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ကိုစစ်တပ်ကတွေ့ဆုံခွင့်ပေးခြင်းဟာ ပြည်တွင်းပြည်ပနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်းဖြစ်ကြောင်း၊ဒါ ပေမယ့် စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦး အနေနဲ့ အသိအမှတ်ပြုခြင်းမဟုတ်ဘဲICRC ကိုသာရွေးချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်တဲ့အပြင် နိုင်ငံတော်ကို ပြန်လည် ဦးဆောင်ရန် သူမရဲ့အခန်းကဏ္ဍကို တရားဝင်အသိမှတ်ပြုရမယ်လို့တိုက်တွန်းထုတ်ပြန်ထားပါတယ်။

















































