သြဂုတ်-၄၊၂၀၂၆။People’s Spring
ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
တော်ဝင် ထိုင်းစစ်တပ်ရဲ့ နယ်ခြားစောင့် ယူနစ်တစ်ခုဖြစ်တဲ့ ရတ်ချာမာနူ တပ်ဖွဲ့ကို ဦးဆောင်နေသူ ဗိုလ်မှူးကြီး ချာနာကန် ဆန်ဆွန်ဟာ ဩဂုတ် ၃ ရက်နေ့တုန်းက တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာရှိတဲ့ နယ်ခြားစောင့် စစ်စခန်း တစ်ခုကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။
သူက နယ်စပ်မှာရှိတဲ့ ကျားဖြန့် စခန်းတွေဟာ အခုအခါ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ ပြောင်းရွှေ့နေကြောင်း၊နယ်စပ်မှာတော့ထရပ်ကား အစီး ၂၀၀၀ လောက်ကျန်နေသေးတာကို တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
နယ်စပ်ကျားဖြန့်ဂိုဏ်းတွေနေရာရွှေ့နေပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်လာကြတာမျိုးတော့မရှိဘူးလို့လည်းသူကဆိုပါတယ်။ မဲဆောက်မှာရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒေသခံ လူထု လုံခြုံရေးအတွက် အစီအမံတွေ ပိုမို ချဲ့ထွင်လုပ်ဆောင်နေတယ်လို့လည်း ချာနာကန်က ပြောကြားခဲ့ပါတယ်။
သောင်ရင်းမြစ်တစ်ဖက်ကမ်းမြန်မာဖက်ခြမ်းမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်ချာနာကန်ဟာနယ်စပ်အခြေစိုက် ထိုင်းစစ်စခန်းဆီ သွားရောက် စစ်ဆေးခဲ့တာပါ။
တိုက်ပွဲတွေ ပြင်းထန်နေချိန် အတောအတွင်း ထိုင်းဖက်ခြမ်း ကျေးရွာတွေဆီ ကျည်ဆန်တွေ လမ်းချော် ကျရောက်ခဲ့တာကြောင့်လည်း ဒေသခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီကိစ္စတွေအပြီး ထိုင်းအာဏာပိုင်တွေက မြန်မာဖက်ကို ကန့်ကွက် ပြောဆိုခဲ့ကြောင်း၊ မြန်မာဖက်ကတိုက်ပွဲတွေကြောင့်ထိုင်းအရပ်သား ပြည်သူတွေ ထိခိုက်မှု မရှိအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြောင်းလည်း ချာနာကန်က ဆက်ပြောပါတယ်။
မြန်မာဖက်ခြမ်းမှာတော့ KK Parkအပါအဝင် ကျားဖြန့် လုပ်ငန်းတွေ အဓိက လည်ပတ်ခဲ့တဲ့ နေရာတွေဟာ မနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုတွေနဲ့ ထိုင်းအစိုးရရဲ့ ပိုမိုတင်းကျပ်တဲ့ ဖိအားပေး ကိုင်တွယ်မှုတွေကြောင့် နေရာရွှေ့ကုန်ပြီလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။ ထိုင်းအစိုးရဟာအဲဒီရာဇဝတ်ဂိုဏ်းတွေ ထိုင်းနိုင်ငံပိုင်နက်ထဲ ဝင်ရောက်မလာအောင်တင်းတင်းကျပ်ကျပ် စီမံတားမြစ်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
နယ်စပ်နားမှာ ရှိနေတဲ့ထရပ်ကားအစီး ၂၀၀၀ လောက် ဆိုတာကလည်း ထိုင်းနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို အသုံးပြုတာမျိုး ရှိကောင်းရှိနိုင်ပေမယ့် ထိုင်းပိုင်နက်ထဲကိုတော့ လုံးဝ မဝင်ရောက်နိုင်ဘူးလို့ ချာနာကန်က ဆက်ပြောပါတယ်။အခုဆိုရင် နယ်စပ်တလျှောက်မြန်မာဖက်ခြမ်းကကျားဖြန့် ဇုန်တွေဟာ သိသိသာသာအသံတိတ်ဆိတ်ပြီးလူတွေ စွန့်ခွာသွားကုန်ပြီလို့လည်းချာနာကန်က မှတ်ချက်ပေးခဲ့ပါတယ်။
နယ်စပ်မှာ ပိတ်မိနေဆဲ နိုင်ငံခြားသား ကျားဖြန့် ဝန်ထမ်းဟောင်းတွေနဲ့ ပတ်သက်လို့တော့ သူက ထိုင်းအာဏာပိုင်တွေဟာမြန်မာနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာ သံရုံးတွေဆီ ဆက်သွယ်တာ၊ နိုင်ငံခြားသားတွေ နေရပ်ပြန်နိုင်အောင် ချိတ်ဆက်ပေးတာတွေ ကူညီ စီစဉ်သွားမယ်လို့ ပြောပါတယ်။ အဲဒီလို ပြန်မပို့ဆောင်ခင်မှာ နိုင်ငံတကာက အလိုရှိနေတဲ့ ဒုစရိုက်သမားတွေ ရောနှောပါဝင်နေသလား ဆိုတာကိုလည်း သေချာ စစ်ဆေးသွားမယ်လို့ ချာနာကန်က ပြောကြားသွားပါတယ်။

















































