သြဂုတ်- – ၄ ၊၂၀၂၆
လေကြောင်းလိုင်းရဲ့ ပေါ့လျော့မှုကြောင့် သူ့အသံအိုးကို ထိခိုက်တဲ့ ဒဏ်ရာ ရရှိစေခဲ့ကြောင်း ထိုင်း Pop ဂီတ အဆိုတော်ဟောင်း တစ်ဦးက စွပ်စွဲပြီး စင်ကာပူ လေကြောင်းလိုင်းကို တရားစွဲဆိုလိုက်ပါတယ်။
ပျံသန်းနေချိန် အတောအတွင်း လေကြောင်းလိုင်းက တည်ခင်းတဲ့ ကြက်သားဆာတေးရဲ့ တုတ်တံက ချွန်ထက်နေတဲ့ အစိတ်အပိုင်း တစ်ခုက သူ့လည်ချောင်းကို ထိုးမိခဲတာကြောင့် ဒဏ်ရာရခဲ့ကြောင်း အခုအခါ အသက် ၄၄ နှစ် ရှိပြီဖြစ်တဲ့ စမစ်သ်က ပြောပါတယ်။
ဇူလိုင် ၂၄ ရက်နေ့မှာတော့ သူဟာ အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့က ဖက်ဒရယ် တရားရုံး တစ်ခုမှာ စင်ကာပူ လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ လော့စ်အန်ဂျလိစ်ဆီ ပျံသန်းတဲ့ လေကြောင်း ခရီးစဉ် တစ်ခုမှာ အဲဒီဒဏ်ရာကို ရခဲ့တာလို့ စမစ်သ်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
အဲဒီတုတ်တံ အပိုင်းဟာ သူ့လည်ချောင်းထဲမှာ ကန့်လန့်ခံသလို ဖြစ်နေခဲ့ပြီး အပြင်းအထန် နာကျင်ခဲ့ကြောင်း၊ သူဟာ အသက်ရှူ ကျပ်သလိုပါ ဖြစ်ခဲ့ပြီး အပြင်းအထန် ချောင်းဆိုခဲ့ကြောင်း စမစ်သ်က ဆိုပါတယ်။ နောက်ဆုံး အန်ထုတ်လိုက်နိုင်တဲ့ အခါမှာတော့ တစ်လမခွဲလောက် ရှည်တဲ့ သစ်သားတုတ်တံ အပိုင်းအစကို တွေ့ခဲ့ရကြောင်း တရားရုံး မှတ်တမ်းဖိုင်တွေထဲမှာ တွေ့ရပါတယ်။
အဲဒီဖြစ်ရပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့တုန်းက ကြုံခဲ့ပြီး သူဟာ လေကြောင်းလိုင်းရဲ့ အထူးတန်း ခရီးစဉ် လက်မှတ်ကို ဝယ်ယူစီးနင်းခဲ့တာလို့ စမစ်သ်က ပြောပါတယ်။ ဒဏ်ရာရပြီး နောက်ဆက်တွဲအဖြစ် လည်ချောင်းမှာ မသက်မသာ ဖြစ်တာတွေ၊ ဆက်တိုက် သီချင်းဆိုရင်၊ ဒါမှမဟုတ် စကားပြောရင် မောပန်းနွမ်းနယ်တာတွေ ခံစားလာရတယ်လို့လည်း အမျိုးသမီးက တရားရုံးဆီ တိုင်ကြားခဲ့ပါတယ်။
ဒါကြောင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် တစ်ခုနဲ့ ပြသကြည့်တဲ့ အခါမှာတော့ သူ့ရဲ့ အသံအိုးနဲ့ အသံကြိုးတွေမှာ ပြင်ပက ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိုးမိလို့ ဒဏ်ဖြစ်နေတာကို ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
စင်ကာပူ လေကြောင်းလိုင်းဖက်ကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ သီးခြားမှတ်ချက် မပေးသေးပါဘူး။
စမစ်သ်ဟာ အသက် ၁၃ နှစ် အရွယ်လောက်တုန်းက ထိုင်းမှာ ကလေး အဆိုတော် တစ်ဦးအဖြစ် စတင် အောင်မြင်လာပါတယ်။ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေအတွင်း သူဟာ ဆယ်ကျော်သက် ဂီတကြယ်ပွင့် တစ်ဦးအဖြစ် တောက်ပခဲ့ပါတယ်။ နောက်တော့ သူဟာ ဂီတလောကကို ကျောခိုင်းပြီး အမေရိကန် အခြေစိုက် ယောဂနဲ့ ကျန်းမာရေး လူနေမှုဘဝ သင်တန်း ဆရာမ တစ်ဦးအဖြစ် အသက်မွေးခဲ့ပါတယ်။
ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ဦး၊ အများနဲ့ ထိတွေ့ စကားပြောရသူ တစ်ဦးအနေနဲ့ သူ့အသံဟာ အသက်မွေးဝမ်းကြောင်းမှုမှာ အရမ်းအရေးကြီးတယ်လို့လည်း စမစ်သ်က ဆိုပါတယ်။
သူဟာ အပြင်းအထန် ဒဏ်ရာရစေမှု၊ ဝင်ငွေ ထိခိုက်စေမှု၊ ပရော်ဖက်ရှင်နယ် ဘဝအပေါ် သက်ရောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေအတွက် လေကြောင်းလိုင်းဆီက နစ်နာကြေး ရလိုကြောင်း တရားစွဲဆိုထားတာလို့လည်း သိရပါတယ်။
ကိုးကား – Khaosod

















































