Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီရေဘေး သူခိုးရန် ပူနေရ

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

(လေးမျက်နှာမြို့ ရေဘေးကယ်ဆယ်ရေးမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

ဩဂုတ်-၄၊၂၀၂၆။ကဖေး/People’s Spring

လေးမျက်နှာမြို့နယ်အပါအဝင် ဧရာဝတီတိုင်းအတွင်း လက်ရှိရေ ဘေးကြောင့် တိမ်း‌ရှောင်ရလို့ လူမရှိတဲ့အိမ်တွေ ဖောက်ထွင်းခိုးယူခံနေရပြီး ရေကြီး နစ်မြုပ်မှုလည်းပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” စက်လှေတွေနဲ့ လိုက်ဖောက်တာ။ အရင်ကမမြင်ဖူးတဲ့လူစိမ်းတွေ။အိမ်စောင့်တွေကျန်နေခဲ့တဲ့အိမ်တွေကိုပါ ဝင်ဖောက်တာ။ စက်လှေနဲ့တယ်လို့ရသမျှသယ်ထုတ်နေတာပါ”လို့ လေးမျက်နှာမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေဘေးသင့်အိမ်တွေ လိုက်လံဖောက်တွင်းခိုးယူနေသူတွေဟာ အစုအဖွဲ့လိုက်လုပ်နေ‌ကြတာဖြစ်ပြီး ‌လူမှုကူညီရေးအသင်းသားအဖြစ် ဟန်ဆောင်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့ကိုကာရံထားတဲ့ ငဝန်မြစ် ရေကာတာဟာ ဇူလိုင် ၃၀ရက်မှာ ကျိုးကျခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေရောရွာတွေပါ ဆိုးရွားတဲ့ရေဘေးကို ဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒေသခံတွေဟာ အိမ်တွေမှာနေလို့မရတဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေနဲ့ အခြားမြို့က အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ သွားရောက်ရှောင်တိမ်းနေကြရပါတယ်။

အဲဒီလိုအခြေအနေမှာ လူမရှိတော့တဲ့ နေအိမ်တွေကို စက်လှေတွေနဲ့လိုက်ပတ်ပြီး ဖောက်ထွင်းခိုးယူနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

” ဒီပြဿနာကိုဘယ်လိုရှင်းရမှန်းတောင်မသိဘူး။ အိမ်တွေမှာ ဆင့်တွေထိုးပြီး စောင့်ရင်လည်း ရန်လုပ်ခံရမှာ။ နေတ်အကာအကွယ်ပေးနိုင်တဲ့အခြေအနေမှာလုံးဝမရှိဘူးဖြစ်နေတယ်”လို့ လေးမျက်နှာမြို့နယ်၊ ဝဲဒေါင့်ရွာဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ရေကြီးနစ်မြုပ်တဲ့ဧရိယာပိုမိုကျယ်ပြန့်လာပြီး လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေမှာပါ ရေဝင်နေပါတယ်။

” ရေမြုပ်လို့ လူမနေနိုင်တော့တဲ့ရွာတွေတိုင်း သူခိုးရန်ကြောက်နေရတယ်။ အိုင်သပြုဖက်လည်း အိမ်တွေအဖောက်ခံရတဲ့ကြားတယ်”လို့ ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါတယ်။

ရေဘေးသင့်ဒေသမှာ အိမ်တွေဖောက်ထွင်းခံနေရတဲ့အခြေအနေကို စစ်ကောင်စီကလည်းအကာအကွယ်မပေးနိုင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာတွေဟာ ဘေးသင့်သူတွေကိုကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပိုင်းမှာ အစီအစဉ်မကျဘူးလို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူရှစ်ထောင်ကျော်ကို ဘေးလွတ်ရာဆီပို့ဆောင် ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းအစိုးရကထုတ်ပြန်ထားပေမယ့် ဘေးသင့်နေသူလူဦးရေဟာ သိန်းချီရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကျိုးပေါက်နေတဲ့ရေကာတာကနေ ရေတွေဆက်ဝင်နေသလို ရေလွှမ်းဧရိယာလည်းကျယ်ပြန့်လာတဲ့အတွက် လက်ရှိမမြုပ်သေး‌တဲ့ မြို့နယ်တွေအတွက်ပါ ကြိုတင်ပြင်ဆင်ထားကြဖို့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကသတိပေးထားကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ဦးဆောင်နေတဲ့ ရေဘေးကယ်ဆယ်ရေးစီမံခန့်ခွဲမှုတွေဟာ အစီအစဉ်လုံးဝမကျဘူးလို့ ဒေသခံတွေကပြောပါတယ်။။

ရေဘေးသင့်ဒေသတွေမှာလည်းရှိလိုအပ်နေတဲ့ Speed Boat တွေလည်း အစီးရေအနည်းငယ်သာရှိပြီး ထိရောက်တဲ့အကူအညီတွေကို စစ်ကောင်စီကပေးမထားဘူးလို့ ရေဘေးသင့်ပြည်သူတွေကပြောပါတယ်။

” ငွေဆောင်တို့ချောင်းသာတို့မှာရော၊ ညောင်တုန်းမှာရော၊ ဧရာဝတီတိုင်းနဲ့ဆက်စပ်နေတဲ့ တွံတေးဘက်ရာ၊ ဆားမလောက်ဘက်မှာရော Speed Boat တွေအများကြီးရှိတယ်။ ဒါတွေသာရောက်လာရင်ကောင်းမယ်။ အခုက မလောက်မငနဲ့ ကယ်ဆယ်ရေးလုပ်နေရတာပါ”လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးအတွက် စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုတွေဟာ မြင်သာထင်ထားတဲ့အခြေခံအဆင့်မှာတောင် အစီအစဉ်မကျဘူးလို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ရေတွေဟာ အနည်းဆုံး ၂လကနေ ၃လအထိ ကြာမြင့်နိုင်တယ်လို့ကျွမ်းကျင်သူတွေကသတိပေးထားပေမယ့် ၁၄ရက်အတွင်းရေပြန်ကျရင် ‌ဒေသတွင်း စပါးခင်းတွေပျက်စီးမှုမရှိနိုင်ဘူးလို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့သြဂုတ်လ၃ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ရေမြှုပ်နေတဲ့စပါးခင်းဧကသိန်းချီရှိနေပေမယ့် လက်ရှိမှာ မိုးစပါစိုက်ဧက ၁သောင်းကျော် ရေနစ်မြုပ်နေပြီး စိုက်ပျိုးထားတဲ့စပါးတွေဟာ ၁၄ရက်ခန့်အထိ ရေမြုပ်နိုင်တဲ့ ခံနိုင်ရည်ရှိတာကြောင့် အဲ့ဒီကာလအတွင်းရေကျသွားပါက ထိခိုက်မှုမရှိနိုင်ဘူးလို့ ထုတ်ပြန်ထားတာပါ။ အဲဒီလိုအလွဲတွေကြောင့် စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအပေါ်ယုံကြည်မှုမရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်