ဩဂုတ်-၄၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
AA ဟာ ကုလက်ချောင်းဒေသရှိ အုန်းသီး၀ကျေးရွာမှ တဦး၊ ပေါက်တူ၀ကျေးရွာမှ တဦး၊ ရွှေလိုင်ပီရွာမှ တဦးနဲ့ ရှင်း လက်ချောင်းဒေရှိ ဆင်အိုး၀ရွာမှ နှစ်ဦးတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
“ဘာလို့ဖမ်းလဲ တိတိကျကျတော့ မသိဘူး။ လှေသမားအချင်းချင်းပြဿနာဖြစ်ကြလို့ စစ်ဆေးဖို့ ဖမ်းတယ်လို့ပဲ ကြားတယ်” လို့ AA အုပ်ချုပ်ရေး ပိုင်းနဲ့ နီးစပ်တဲ့ ပလက်၀ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေထဲ အချို့ပြန်လွတ်လာပေမယ့် အချို့ကတော့ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံ တွေက ပြောကြပါတယ်။
ပလက်၀ဒေသခံအချို့ကတော့ အခုဖမ်းဆီးခံရသူတွေဟာ ပလက်၀မြို့နယ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တို့မှာ အခြေစိုက်၊ တည်ထောင်ထားတဲ့ ခူမီးပြည်သူ့တပ်မတော်(KPF)နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာလို့ ပြောကြပေမယ့် လူထုနွေဦးအနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
“ခူမီးတပ်နဲ့ ဆက်စပ်လို့ AA က ဖမ်းတာပြောကြတယ်။တကယ်လည်း ဒီဘက်မှာက ခူမီးတပ်နဲ့ အဆက်အစပ်ရှိ ကြတယ်။ ဒီလူတွေ ဟုတ်၊ မဟုတ်တော့ သေချာမသိဘူးနော်။ ခူမီးနဲ့ ဒေသခံတွေကြားကပြဿာနာလည်း နည်းနည်းရှုပ်ထွေးတယ်ဒီမှာ” လို့ ပလက်၀မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံကုန်သည်တဦးက ပြောပါတယ်။
ခူမီးပြည်သူ့တပ်မတော်(KPF)ဟာ ပလက်၀မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ်အတွင်း မှာ ဖွဲ့စည်းခဲ့တဲ့ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပြီး ဒေသတွင်းပြည်သူတွေကို ဖမ်းဆီးတာ၊ တပ်သားစုဆောင်းတာတွေရှိနေပြီး အဲဒီအပေါ် မိသားစုဝင်တွေက AA ထံ တိုင်ကြားမှုတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီ KPF ဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းက ပလက်၀မြို့နယ် ဥဿလင်းချောင်းတလျှောက်ရှိ သာယာကုန်း၊ ကျောက်ပလ္လင်၊ ဆတလိုင်၀စတဲ့ကျေးရွာတွေမှ အသက်မပြည့်သေးတဲ့လူငယ်တွေအပါအဝင် ဒေသခံ ၄၀ ဝန်းကျင် ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
AA သိမ်းပိုက်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ်မှာ AA အပြင် CDF ပလက်၀ ၊ CDF Daai နဲ့ အခု အသစ်ပေါ်လာတဲ့ KPF တပ်ဖွဲ့တို့ ရှိနေတာပါ။
ပလက်၀မြို့နယ်ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အလုံးစုံသိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေး၊ ဥပေဒစိုးမိုးရေး၊ တရားစီရင်ရေးနဲ့ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးစီးလုပ်ဆောင်နေပါတယ်။

















































