Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါမှာ ခါးပတ်ပတ်ဖို့ ငြင်းတဲ့ ကလေးကြောင့် လေယာဉ်ခရီးစဉ် ရွှေ့ဆိုင်းမှုက အငြင်းပွားစရာတွေ ဖြစ်နေ

ကလေးတစ်ဦးက ထိုင်ခုံမှာထိုင်ပြီး လုံခြုံရေးခါးပတ် ပတ်ထားဖို့ ငြင်းဆိုနေခဲ့တာကြောင့် ကနေဒါ လေကြောင်း ခရီးစဉ် တစ်ခုကို ရွှေ့ဆိုင်းခဲ့ခြင်းက အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာစေခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ကလေးတစ်ဦးက ထိုင်ခုံမှာထိုင်ပြီး လုံခြုံရေးခါးပတ် ပတ်ထားဖို့ ငြင်းဆိုနေခဲ့တာကြောင့် ကနေဒါ လေကြောင်း ခရီးစဉ် တစ်ခုကို ရွှေ့ဆိုင်းခဲ့ခြင်းက အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာစေခဲ့ပါတယ်။

ဩဂုတ် ၆ ရက်နေ့ ညပိုင်းတုန်းက ပေါ့တား လေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ်ဟာ ဗစ်တိုးရီးယားကနေ တိုရွန်တိုမြို့ဆီ ပျံသန်းဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း လေယာဉ်ဟာ ပျံတက်ခါနီးမှာ ကလေးက ထိုင်ခုံ ခါးပတ်မပတ်တာကြောင့် နောက်ကြောင်း ပြန်လှည့်ပြီး ခရီးသည် အတက်အဆင်းလုပ်တဲ့ နေရာဆီကို ပြန်သွားခဲ့ရပါတယ်။

လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်အရ ငယ်ရွယ်တဲ့ ကလေးတစ်ဦးဟာ ထိုင်ခုံမှာ မထိုင်ဘဲ မတ်တပ် ရပ်နေတာကြောင့် လေယာဉ်အမှုထမ်းတွေဟာ သတ်မှတ်ထားတဲ့ လုံခြုံရေး စံနှုန်းတွေနဲ့အညီ တုံ့ပြန်ခဲ့တာဖြစ်ကြောင်း ပါရှိခဲ့ပါတယ်။

ကလေးရဲ့ အုပ်ထိန်းသူ မိဘတစ်ဦးရော၊ လေယာဉ် အမှုထမ်းတွေကပါ ကလေးကို ထိုင်ခုံမှာထိုင်ပြီး ခါးပတ် ပတ်ထားစေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူးလို့လည်း လေကြောင်းလိုင်းက ဆိုပါတယ်။ ကလေးရဲ့ အသက်အရွယ်ကိုတော့ တိတိကျကျ ဖော်ပြမထားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

လေယာဉ်ခရီးစဉ် နှောင့်နှေးမှုအပြီး လေယာဉ်ကွင်းလည်း ပိတ်သွားတာကြောင့် ခရီးသည်တွေဟာ နောက်တစ်နေ့ထိ စောင့်ပြီးမှ လက်မှတ်ပြန်ဖြတ်ခဲ့ရပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ကနေဒါမှာ အမြင်ကွဲပြားမှု အငြင်းအခုံတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ဒီလို အခြေအနေမှာ ကလေးကို ဘယ်လိုဘယ်ပုံ ကိုင်တွယ်သင့်တယ် ဆိုတာရော၊ လေကြောင်းလိုင်းဖက်က ဘယ်လိုနည်းနဲ့ တုံ့ပြန် ဖြေရှင်းသင့်တယ် ဆိုတာတွေကိုပါ သုံးသပ် ပြောဆိုမှုတွေ ရှိနေပါတယ်။

လေကြောင်းလိုင်းကတော့ ခရီးသည်တွေထဲမှာ ဘေးမကင်းတဲ့ အခြေအနေတစ်ခုခု ရှိနေပြီ ဆိုတာနဲ့ ပျံတက်လို့ မရနိုင်ကြောင်း၊ ဒါကြောင့်လည်း လေယာဉ် အမှုထမ်းတွေ စုပေါင်း ဆုံးဖြတ်ပြီး ကလေးငယ်နဲ့ အုပ်ထိန်းသူ မိဘကို လေဆိပ်မှာပဲ ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖြေရှင်းထားပါတယ်။

ကလေးငယ်များ လေကြောင်းပျံသန်းမှု လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ လီယာတူဆိုကတော့ ဒီအခြေအနေမျိုးမှာ ကလေးကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်တဲ့ လေယာဉ်အမှုထမ်းတွေဖက်က ထောက်ခံခဲ့ပါတယ်။ လုံခြုံရေးခါးပတ် ချည်မထားတဲ့ ကလေးတစ်ယောက်ဟာ လေထဲမှာ ရုတ်တရက် လေယာဉ်ခါယမ်းတဲ့ turbulence ဖြစ်စဉ်မျိုးမှာ အရှိန်နဲ့ လွင့်စဉ်သွားတာမျိုး ဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ ဒီကိစ္စအပေါ် အမျိုးမျိုး အမြင်ကွဲပြားမှုတွေ ရှိနေပါတယ်။ တချို့က လေကြောင်းလိုင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် အများအတွက် အနှောင့်အယှက် ဖြစ်ခဲ့တာကို ဝေဖန်သလို ကလေးတွေကို မိဘတွေက အလိုလိုက်လွန်းရင် ဘယ်လို ပြဿနာတွေ ကြုံတတ်သလဲဆိုတာ အကောင်းဆုံး ဥပမာပဲလို့ ထောက်ပြသူတွေလည်း ရှိခဲ့ပါတယ်။ တချို့ကတော့ ကလေးတွေက လေယာဉ်စီးရတာကို ကြောက်တာမျိုး ဖြစ်နိုင်ပြီး တမင် ဂျီတိုက်ပြီး အနှောင့်အယှက်ပေးတာ မဟုတ်လောက်ဘူးလို့ ကာကွယ်ကြပါတယ်။

ခရီးသည် တစ်ဦးကလည်း အဲဒီတုန်းက ကလေးဟာ ပြောမနိုင်ဆိုမရ သောင်းကျန်းနေတာမျိုး မဟုတ်ဘဲ တကယ်ပဲ ကြောက်နေပုံပေါ်တင်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ကလေးက ခုံအောက်ထဲ ဝင်ပုန်းနေခဲ့ကြောင်း၊ ချော့မော့ပြောပြီး ထိုင်ခုံပေါ်တင်၊ ခါးပတ်ပတ်ပေးတဲ့ အချိန်မှာလည်း လျှောဆင်းသွားလေ့ရှိကြောင်း အဲဒီ ခရီးသည်က ဆိုပါတယ်။

တစ်ဖက်မှာတော့ ကလေးတစ်ယောက်ကို မကိုင်တွယ်နိုင်ရုံနဲ့ လေယာဉ်ခရီးစဉ် တစ်ခုလုံး ရွှေ့ဆိုင်းရတဲ့ထိ ဖြစ်သွားခဲ့တဲ့အပေါ် မေးခွန်းထုတ် ဝေဖန်မှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၄ ရက်နေ့က ကမ္ဘာ့ဖလားရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကြီး ပြင်သစ် အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကတော့ အာဖရိကထိပ်သီး မော်ရိုကို အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။

သတင်း

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။