သြဂုတ် – ၁၁ ၊၂၀၂၆
ထိုင်းနိုင်ငံမှာ ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းမှု ပိုမို မြင့်တက်လာနေပြီး စီးပွားရေး လုပ်ငန်းကြီး တချို့ပါ အရှုံးပေါ်လို့ ပိတ်ရတဲ့ အခြေအနေတွေ ဖြစ်လာနေကြောင်း သိရပါတယ်။
အခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ထိုင်းလုပ်ငန်းနဲ့ ကုမ္ပဏီပေါင်း ၇၀၀၀ ကျော် ပိတ်သိမ်းခဲ့ရပါတယ်။ လုပ်ငန်း ဖျက်သိမ်းခဲ့ရတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းအသီးသီးရဲ့ မှတ်ပုံတင်ထားတဲ့ ရင်းနှီးမတည်ငွေ ပမာဏဟာ အရင်ကထက် ၂၂၃ ရာခိုင်နှုန်းကျော် မြင့်တက်လာသလို အခု ဒုတိယ နှစ်ဝက်မှာလည်း စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းကုန်တဲ့ အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
အစိုးရက ထုတ်ပြန်တဲ့ နောက်ဆုံး အချက်အလက်တွေအရ အခုနှစ်အတွင်း ထိုင်းမှာ စီးပွားရေး လုပ်ငန်းငယ်တွေသာ မကဘဲ လုပ်ငန်းကြီးတွေပါ ပိတ်သိမ်းရတာ ပိုများလာတယ်လို့ ဆိုပါတယ်။

Public Service Announcement
ထိုင်းအစိုးရရဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဌာန (DBD)က ၂၀၂၆ ပထမ ၆ လအတွင်း စီးပွားရေး လုပ်ငန်းပေါင်း ၇,၀၂၄ ခုဟာ တရားဝင် ဖျက်သိမ်းခွင့် လျှောက်ထားတောင်းခံခဲ့ကြောင်း ပြောပါတယ်။
ပိုပြီး စိုးရိမ်စရာ ကိစ္စကတော့ ဒီနှစ်မှာ ပိတ်သိမ်းတဲ့ လုပ်ငန်းတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကြီးမားတဲ့ လုပ်ငန်းကြီးတွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မနှစ်ကနဲ့ ယှဉ်ရင် ပိတ်သိမ်းလုပ်ငန်းတွေ မှတ်ပုံတင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ငွေတန်ဖိုးဟာ ၂၂၃.၆၆ ရာခိုင်နှုန်းထိ မြင့်တက်သွားပြီး ဘတ် ၉၈.၈၆ ဘီလီယံဖိုးထိ ရောက်ရှိလာခဲ့ပါတယ်။
ဒီအခြေအနေဟာ စီးပွားရေးဆိုင်ရာ အကျပ်အတည်းနဲ့ ဖိအားတွေဟာ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း (SME)တွေကိုချည်း ထိခိုက်နေစေတာ မဟုတ်တော့ဘဲ လုပ်ငန်းကြီးတွေကိုပါ ထိုးနှက်လာနေတယ် ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
နိုင်ငံ စီးပွားရေး ကျဆင်းမှုက ရိုက်ခတ်တဲ့ဒဏ်ဟာ ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ လုပ်ငန်းတွေကို ပိုပြီး သက်ရောက်စေပါတယ်။ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ အီလက်ထရောနစ် တပ်ဆင်ရေး ဝန်ဆောင်မှု၊ ကြော်ငြာလုပ်ငန်းစတဲ့ နယ်ပယ်တွေမှာ ပိတ်သိမ်းကုန်တဲ့ ကုမ္ပဏီ အချိုးအစားက သိသိသာသာ ပိုမြင့်မားနေကြောင်း DBDက ဆိုပါတယ်။
DBDကတော့ စီးပွားရေး လုပ်ငန်းတွေ အထိနာလာစေတဲ့ အဓိက အကြောင်းတရား ၄ ခုအဖြစ် ပြည်တွင်း သုံးစွဲမှုနှုန်း ကျဆင်းလာတာ၊ ကမ္ဘာ့ကုန်သွယ်ရေး ကဏ္ဍရဲ့ မတည်ငြိမ်မှုတွေ၊ စီးပွားရေး နာလန်ထူမှု အပိုင်းမှာ ကွာဟချက်တွေ ကြီးမားနေတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ နှေးကွေးအားလျော့လာတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ သန့်စင်စွမ်းအင် ကဏ္ဍတွေ ပိုမိုအားကောင်းလာချိန်မှာ နည်းပညာ ကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံလိုသူ တိုးလာပေမယ့် SMEတွေ အတွက် အဲဒီနယ်ပယ်မှာ ဝင်ယှဉ်ပြိုင်ဖို့ ခက်ခဲလာခြင်းကလည်း လုပ်ငန်းရပ်စဲစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုအဖြစ် DBDက ထောက်ပြထားခဲ့ပါတယ်။
နောက်ပြီး အမေရိကန်လို စူပါပါဝါ နိုင်ငံမျိုးရဲ့ ကုန်သွယ်ရေး မူဝါဒတွေ မတည်ငြိမ်တာက ထိုင်းရဲ့ ကုန်ထုတ် စီးပွားရေး လုပ်ငန်းတွေအပေါ်မှာပါ ဆိုးကျိုးရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား – The Nation


















































