တော်လှန်ရေးတပ်တွေ ဖြုတ်ချတာ ခံခဲ့ရပြီး ရုရှားမှာ ထွက်ပြေး တိမ်းရှောင်နေရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဆီးရီးယား တရားရုံးတစ်ခုက မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ပါတယ်။
၁၄ နှစ်လောက် ကြာမြင့်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ တော်လှန်ရေး ညွန့်ပေါင်း အင်အားစုတွေ အသာစီး ရခဲ့ပြီး လွန်ခဲ့တဲ့ လ ၂၀ လောက်က ဒမတ်စကက် မြို့တော်ထိ ချီတက်နိုင်ခဲ့တဲ့နောက် အာဆတ်ဟာ မိသားစုနဲ့အတူ ရုရှားကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပြည်တွင်းစစ် ကာလတလျှောက် ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်တာတွေ၊ ရန်လိုတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့တဲ့ အာဏာရှင် တစ်ဦးအဖြစ်လည်း လူသိများပါတယ်။
ဩဂုတ် ၁၁ ရက်နေ့မှာတော့ ဒမတ်စကက်မှာရှိတဲ့ တရားရုံး တစ်ခုက အာဆတ်ဟာ လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး မျက်ကွယ်သေဒဏ် ချမှတ်ခဲ့ပါတယ်။

Public Service Announcement
အာဆတ်ရဲ့ ညီအရင်းဖြစ်သူ မာဟာ အယ်လ် အာဆတ်လည်း မျက်ကွယ်သေဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ပြီးတော့ ဆီးရီးယားမှာ ကျန်ခဲ့တဲ့ ဝမ်းကွဲညီဖြစ်ပြီး အာဆတ် အယုံကြည်ဆုံး အခါတော်ပေး တစ်ယောက်လို့ လူသိများတဲ့ အာတက်ဖ် နာဂျစ်ဘ်ကတော့ သူ့အတွက် သေဒဏ် စီရင်ချက်ကို တရားခွင်မှာ နားထောင်နေခဲ့ပါတယ်။
အာဆတ်ရဲ့ ဖခင်လက်ထက် ကတည်းက စတင်ခဲ့တဲ့ အာဆတ် မိသားစုရဲ့ အာဏာရှင်ဆန်ဆန် အုပ်စိုးမှုဟာ ၅၁ နှစ် ကြာမြင့်ပြီးတဲ့နောက် တော်လှန်ရေး အင်အားစုတွေ အသာစီး ရလာတဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ပြိုလဲသွားခဲ့ပါတယ်။
အာဆတ်ကို မျက်ကွယ် သေဒဏ် မချမှတ်ခင်တုန်းက သူ့ရဲ့ တခြားကြံရာပါ ၆ ဦးကိုလည်း မျက်ကွယ် သေဒဏ်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။
အာဆတ်ဟာ အစိုးရ လက်အောက်ခံ အေဂျင်စီတွေကို အသုံးချပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားသူကြီး အက်ဒ်နန် အယ်လ် မာဆာမာက စီရင်ချက်ကို ကြေညာချိန်မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
မျက်ကွယ် သေဒဏ်ချမှတ်မှုဟာ မှတ်တမ်းသဘော သက်သက်သာ ဖြစ်နေပေမယ့် ဆီးရီးယား ပြည်သူတွေကတော့ ထောက်ခံနေပါတယ်။ ဆီးရီးယား တော်လှန်ရေး အစိုးရဟာ အာဆတ်နဲ့ မိသားစုကို ပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုထားပေမယ့် ရုရှားဖက်ကတော့ ငြင်းဆိုထားပါတယ်။
အာဆတ်နဲ့အတူ သေဒဏ်စီရင် ချမှတ်ခံရသူတွေထဲမှာ သူ့ရဲ့ညီ မာဟာက ဆီးရီးယား စစ်တပ်ထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အမှတ် ၄ သံချပ်ကာ တပ်မရဲ့ တပ်မမှူး တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းတာ၊ လူထုကို ညှင်းပန်း နှိပ်စက်တာ၊ မူးယစ်ဆေး ရောင်းဝယ်မှုတွေကနေ ဘဏ္ဍာငွေ ရှာဖွေတာမျိုးတွေအတွက် လူသိများပါတယ်။ အာဆတ်က ရုရှားကို ထွက်ပြေးချိန်မှာ သူလည်း လိုက်ပါသွားခဲ့ပါတယ်။
အာဆတ်ရဲ့ မိခင်ဖက်က တော်စပ်တဲ့ ဝမ်းကွဲညီ နာဂျစ်ဘ်ကတော့ ဆီးရီးယား ပြည်တွင်းစစ်မီးကို စတင် တောက်လောင်စေတဲ့ ၂၀၁၁ ခုနှစ်၊ ဒါရားပြည်နယ် ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွင်းမှုတွေကို ညွှန်ကြားခဲ့သူ နိုင်ငံတော် လုံခြုံရေးဌာန အကြီးအကဲဟောင်း ဖြစ်ပါတယ်။ ကလေးတွေ အပါအဝင် ပြည်သူတွေကို ရက်ရက်စက်စက် ညှင်းပန်း သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နာဂျစ်ဘ်က သေဒဏ် ချမှတ်ခံရပြီး စီရင်ချက်ကို သံလှောင်အိမ် တစ်ခုထဲမှာ အချုပ်သားဝတ်စုံနဲ့ ထိုင်ရင်း နားထောင်နေခဲ့ရပါတယ်။ တရားရုံးကတော့ နာဂျစ်ဘ်ဟာ ပြစ်ဒဏ်အပေါ် အယူခံ ဝင်ခွင့်ရမယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေး အဖွဲ့အစည်း တချို့ကတော့ အာဆတ်နဲ့ အပေါင်းအပါတွေကို သေဒဏ် စီရင်ချက်တွေ ချမှတ်နေတဲ့ တရားရုံး ဆုံးဖြတ်ချက်တွေဟာ အလျင်စလိုဖြစ်ပြီး မမျှတတဲ့၊ စိတ်အလိုလိုက်တဲ့ အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်ကြောင်း ထောက်ပြထားပါတယ်။ အဲဒီအခါ နောက်ပိုင်းမှာ ဆီးရီးယားရဲ့ တရားစီရင်ရေး စနစ်ကို ဟာကွက်တွေ၊ ယိုပေါက်တွေ ဖြစ်သွားစေလိမ့်မယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဆီးရီးယားမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အားကောင်းလာပြီး အာဆတ်ရဲ့ အစိုးရက ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့ရာက လက်နက်ကိုင် တော်လှန်ရေးကြီး စတင်လာပြီး ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: AFP

















































