Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ဒုံးကျည်တွေကို စစ်ပွဲမှာ ရုရှား အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ စွပ်စွဲ

ရုရှားဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို စစ်ပွဲမှာ အသုံးပြု တိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို စစ်ပွဲမှာ အသုံးပြု တိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

မကြာသေးခင်က ယူကရိန်း တောင်ပိုင်းမှာရှိတဲ့ ဇာပေါ့ရစ်ဇီရာမြို့ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး လူ ၇ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ရုရှားဟာ မဟာမိတ် မြောက်ကိုရီးယားဆီက ရထားတဲ့ ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းတုန်းက လူမှုကွန်ရက်ပေါ်ကနေ လွှင့်တင်ခဲ့တဲ့ ဗီဒီယို တစ်ခုမှာတော့ ဇီလန်စကီးက ပထမဆုံး အကြိမ်အဖြစ် ရုရှားဟာ မြောက်ကိုရီးယား အကူအညီ မပါဘဲ စစ်ဆက်မတိုက်လို့ မရလောက်တဲ့ အနေအထားမျိုးထိ ရောက်လာနေပြီလို့ ပြောကြားသွားပါတယ်။

ဥရောပမြေဖြစ်တဲ့ ယူကရိန်းမှာ မြောက်ကိုရီးယား ဒုံးကျည်နဲ့ စစ်သည်တွေကို အသုံးပြုမှု များလာလေလေ၊ ရုရှားအတွက် အသက်ရှူချောင်လေလေဖြစ်ပြီး လိုအပ်ချက်တွေ၊ လစ်ဟာမှုတွေကို ပြန်ပြင်ဆင်နိုင်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်လို့ ဇီလန်စကီးက ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ရုရှားဟာ မြောက်ကိုရီးယား စစ်သားတွေကို ယူကရိန်း စစ်ပွဲမှာ ဖြန့်ကျက် အသုံးပြုနေကြောင်းနဲ့ မြောက်ကိုရီးယား တပ်ကူအင်အားကို ၅၀၀၀၀ လောက်ထိ တိုးမြှင့် ရရှိနိုင်ဖို့ ကြိုးစားနေကြောင်းလည်း ပြောကြားထားပါတယ်။

ဇာပေါ့ရစ်ဇီရာမှာ မြောက်ကိုရီးယား ဒုံးကျည်တွေ အသုံးပြုပြီး ရုရှားက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု အတွက်တော့ ဇီလန်စကီးက သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ထုတ်ပြခဲ့တာမျိုး မရှိပါဘူး။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဖက်ကလည်း ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်မဟာမိတ် နိုင်ငံတွေဖြစ်ပြီး မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်ကြီးကျည်နဲ့ အမြောက်ဆန်တွေကို အလုံးအရင်း ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ မြောက်ကိုရီးယားစစ်သည် ၁၁၀၀၀ ကနေ ၁၅၀၀၀ လောက်ဟာ ရုရှားတပ်တွေနဲ့အတူ ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ ယုံကြည်ရပါတယ်။ မြောက်ကိုရီးယား အစိုးရက ရုရှားဆီ တပ်တွေ စေလွှတ်ပေးတယ် ဆိုတာကို အတည်ပြုထားပေမယ့် အရေအတွက် အတိအကျကိုတော့ မထုတ်ပြန်ပါဘူး။

ဇီလန်စကီးက ဩဂုတ် ၁၀ ရက်နေ့မှာ ရုရှားရဲ့ ဆိုက်ဘေးရီးယား အနောက်ပိုင်းမှာ တည်ရှိရာ ရေနံချက် စက်ရုံတစ်ခုကို တိုက်ခိုက်နိုင်ခဲ့တဲ့ ယူကရိန်း စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း အထူးချီးကျူးသွားခဲ့ပါတယ်။ နောက်ပြီး ရုရှား အစိုးရနဲ့ ရုရှားပြည်သူတွေက စစ်ပွဲကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးကို လိုအပ်နေပြီမှန်း နားလည် သဘောပေါက်လာစေဖို့ ရုရှားနိုင်ငံ အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး တာဝေး တိုက်ခိုက်မှုတွေကို ယူကရိန်းက ပိုမို လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။