သြဂုတ် – ၁၂ ၊၂၀၂၆
ကိုလံဘီယာ နိုင်ငံမှာ ငလျင်ကြီး လှုပ်ခတ်ပြီး ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေ အောက်ကနေ ကလေးငယ်လေး တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့က ကိုလံဘီယာ အနောက်ပိုင်းမှာ မဂ္ဂနီကျု ၇.၄ အဆင့် ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ရာမှာ ကာလီမြို့ဟာလည်း အပျက်အစီး အများဆုံး ဇုန်နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။
ငလျင်ကြီး လှုပ်ခတ်ချိန်မှာ ကာလီမြို့ခံ ဘရိုင်ယန် အော်ဆိုရီယို ဇူလူရာဂါလည်း သူ့ရဲ့ အလုပ်ဌာန ရုံးခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်တော့သူက ဆိုင်ကယ်စီးပြီး အိမ်ပြန်လာပေမယ့် ငါးထပ်တိုက်တစ်လုံး ပြိုကျပြီး လမ်းပိတ်တဲ့ အခြေအနေနဲ့ ကြုံခဲ့ပါတယ်။

Public Service Announcement
တိုက်အကြီးကြီး ပြိုကျထားတဲ့အတွက် တစ်လမ်းလုံး ပိတ်နေခဲ့တာ ဖြစ်တယ်လို့ ဇူလူရာဂါ ရှင်းပြပါတယ်။ ဇူလူရာဂါလည်း ဆိုင်ကယ်ပေါ်ကနေ ဆင်းပြီး အပျက်အစီးတွေအောက်မှာ အသက်ရှင်သူတွေ ရှိသလား ဆိုတာကို အသံပေးပြီး လိုက်လံ အော်ဟစ်နေခဲ့ပါတယ်။ တချို့ ဒေသခံတွေကတော့ ဓာတ်ငွေ့ ယိုစိမ့်ပြီး ပေါက်ကွဲမှု တစ်ခုခု ဖြစ်မှာကို လှမ်းသတိပေးကြပါတယ်။
နောက်တော့ ဇူလူရာဂါက ပတ်ဝန်းကျင်မှာ ရှိနေသူတွေကို တိတ်တိတ်နေပေးဖို့ အချက်ပြခဲ့ပါတယ်။ အဲဒီနောက် သူ့နားထဲမှာ အသံခပ်ဖျော့ဖျော့ တစ်ခုကို ကြားလိုက်ရပါတယ်။ ယောက်ျားသံ တစ်သံပါ။ ခပ်တိုးတိုးလေး ပြောနေတဲ့ အသံက သူဒီမှာ ရှိနေကြောင်း၊ သူနဲ့အတူ ကလေးတစ်ယောက်လည်း ရှိနေကြောင်း လှမ်းပြောပါတယ်။
သူ့ကိုယ်သူ သတိထားမိချိန်မှာတော့ အဲဒီနေရာနားက ကျောက်တုံးနဲ့ တခြားအပျက်အစီးတွေကို လက်ဗလာနဲ့ ဖယ်ရှားနေမိပြီး ဖြစ်နေကြောင်း ဇူလူရာဂါက ပြောပါတယ်။ ဒါပေမဲ့ ကလေးနဲ့ အမျိုးသားရဲ့ အပေါ်မှာ ပိမိနေတဲ့ ဆလပ်တုံးကြီးက အရမ်းကြီးနေတာကြောင့် ရုတ်တရက် ရွှေ့လို့ မရပါဘူး။ သူက ဝိုင်းဝန်းကူညီနေသူတွေကို ညှိပြီး အားလုံးအတူတူ တပြိုင်တည်း မဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။
လူတွေ အများကြီးအားနဲ့ မတာတောင်မှ ဆလပ်တုံးကြီးကို ဘေးဖက် ဖယ်ရှားလိုက်လို့ မရခဲ့ပါဘူး။ အဲဒီအစား ဆလပ်တုံးကြီးကို နည်းနည်းရွှေ့ပြီး ပိတ်မိနေသူတွေနားက အပျက်အစီးတွေကို ရှင်းလင်း ဖယ်ရှားဖို့ပဲ ကယ်ဆယ်ရေးတွေက ကြိုးစားခဲ့ရပါတယ်။
နောက်တော့ ကလေးငယ်ရဲ့ မျက်နှာသေးသေးလေးကို စပြီး မြင်လာရကြောင်း၊ ဒါပေမဲ့ အသက်ဝဝ မရှူရလို့ ခရမ်းရောင် သမ်းသလို ဖြစ်နေကြောင်း၊ အပျက်အစီးတွေကို ရှင်းပြီးတဲ့ အချိန်မှာ ကလေးက ပုံမှန် အသက်ပြန်ရှူလာသလို မျက်နှာလည်း သွေးရောင်လွှမ်းလာကြောင်း ဇူလူရာဂါက ပြောပါတယ်။
ဗီဒီယိုတွေထဲမှာတော့ ဘေးတစောင်း မှောက်လျက် အနေအထားနဲ့ ကလေးကို ကာကွယ်ရင်း အပျက်အစီးပုံအောက်မှာ ဖုန်အလူးလူးနဲ့ ရှိနေတဲ့ အမျိုးသားကိုလည်း တွေ့ရပါတယ်။ ဇူလူရာဂါက ကလေးကို လှမ်းယူပြီးတဲ့နောက် ရဲတွေဆီကို လက်ကမ်းပေးခဲ့ပါတယ်။ ကလေးက ယောက်ျားလေးဖြစ်ပြီး အရမ်းငယ်ရွယ်ပါသေးတယ်။ ကလေးကို လူနာတင်ယာဉ်ဆီ ခေါ်ဆောင်သွားတဲ့နောက် ကျန်တဲ့သူတွေက ပိတ်မိနေသူ အမျိုးသားကို ကယ်ထုတ်ဖို့ ကြိုးစားကြပါတော့တယ်။
သူတို့တွေက အောက်ထဲမှာ နောက်ထပ် ပိတ်မိနေသူတွေ ရှိမလား ဆိုတာကို စိုးရိမ်ခဲ့ကြောင်းလည်း ဇူလူရာဂါက ပြောပါတယ်။ နောက်ဆုံးမှာတော့ စိတ်အားထက်သန်မှု၊ စည်းလုံးမှုတွေကပဲ အဖိုးတန်တဲ့ လူ့အသက် နှစ်ချောင်းစလုံးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အမျိုးသားကိုပါ ကယ်ထုတ်ပြီးတဲ့ အချိန်ကျမှ သူတို့တွေ မရွှေ့ခဲ့တဲ့ ဆလပ်တုံးကြီးနဲ့ အပျက်အစီးတွေရဲ့ အလေးချိန်နဲ့ အတိုင်းအတာကို ကြည့်ပြီး အားလုံး အံ့ဩနေကြောင်း ဇူလူရာဂါက ပြောပါတယ်။
စည်းလုံးခြင်းက အင်အားဖြစ်ခဲ့ကြောင်း၊ ပုံမှန်ဆိုရင် ဒီလောက်လေးလံတဲ့ အပျက်အစီးတွေကို လူတွေက မဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သူက ဆိုပါတယ်။
ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်း အရှိန်မြှင့် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ နှစ်အတော်များများအတွင်း ကိုလံဘီယာမှာ ကြုံဖူးသမျှ အပြင်းထန်ဆုံး ငလျင်ကြီးကြောင့် သေဆုံးသူ ၂၁၆ ဦးထက်မနည်း ရှိလာကြောင်း သိရပါတယ်။ အစောပိုင်းက သေဆုံးစာရင်းကို ၂၅၀ ကျော်လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာဏာပိုင်တွေက ပြန်လည် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – CNN

















































