တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စီးပွားရေး စူပါပါဝါ နိုင်ငံကြီးတစ်ခု ဖြစ်လာအောင် အုတ်မြစ်ချပေးခဲ့သူလို့ အသိအမှတ်ပြု ခံရသူ ဝန်ကြီးချုပ်ဟောင်း ကျူးရုန်ကျီဟာ အသက် ၉၇ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
တရုတ် အစိုးရ မီဒီယာတွေက ကျူးဟာ ဘေဂျင်းမြို့တော်မှာ နာမကျန်းဝေဒနာကြောင့် ဩဂုတ် ၁၂ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။ သူဟာ တရုတ်ရဲ့ ဖွဲ့စည်းပုံအရ ဒုတိယ အမြင့်ဆုံး နိုင်ငံရေး ရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာမှာ ၁၉၉၈ ကနေ ၂၀၀၃ ခုနှစ်ထိ တာဝန်ယူခဲ့ပါတယ်။
အဲဒီ ကာလတွေအတွင်း ကျူးဟာ တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး (WTO)ထဲ ဝင်ခွင့်ရအောင် အဓိက ကြိုးစား စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စျေးကွက်ထဲထိ တရုတ် စက်ရုံတွေ ဖြန့်ကျက် ဖွင့်လှစ်ဖို့၊ ပြည်တွင်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေဖို့လည်း အဓိက ဦးဆောင်မှု ပေးခဲ့သူ ဖြစ်ပါတယ်။
ကျူးလက်ထက်မှာတော့ ပြည်တွင်း အခွန်အခတွေကို ဗဟိုအစိုးရဆီ တိုက်ရိုက်စီးဝင်စေတာ၊ အရှုံးပေါ်နေတဲ့ အစိုးရ လုပ်ငန်းတွေကို ပိတ်သိမ်းတာ၊ ဒါမှမဟုတ် ပုဂ္ဂလိကဆီ လွှဲပြောင်းပေးတာ၊ ပြည်သူတွေရဲ့ အိမ်ရာပိုင်ဆိုင်ခွင့်ကို အားပေး မြှင့်တင်တာမျိုးကို လက်တွေ့ လုပ်ဆောင်ပေးခဲ့ပြီး တရုတ် အစိုးရရဲ့ သမိုင်းမှာ အရေးအပါဆုံး စီးပွားရေး ပြုပြင်ပြောင်းလဲသူ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။

Public Service Announcement
၁၉၉၈ မှာတုန်းက တရုတ်ဟာ အချိန်မရွေး ပြိုကွဲသွားလောက်အောင် ကြီးမားတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာနိုင်ခြေ အလားအလာတွေ ရှိနေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ သာမန်ပြည်သူတွေဟာ အစိုးရအပေါ် မကျေနပ်ချက်တွေ ကြီးထွားနေခဲ့ကြောင်း၊ အရာရှိတွေကြားမှာ အဂတိကိစ္စတွေ အမြစ်တွယ်နေခဲ့ပြီး ဆင်းရဲချမ်းသာ ကွာဟချက်လည်း အရမ်းကြီးနေကြောင်း၊ ဒါ့အပြင် ဒေသဆိုင်ရာ အရာရှိတွေထဲမှာ အာဏာရှင်ဆန်သူတွေ ရှိနေခဲ့ကြောင်း သူက ဆိုပါတယ်။
ကျူးရဲ့ ဦးဆောင်မှုအောက်မှာတော့ နိုင်ငံ စီးပွားရေး တည်ငြိမ်လာပြီး အဂတိ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို စတင်လာနိုင်ခဲ့ပါတယ်။ ကွန်မြူနစ် တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့ အထီးကျန်နိုင်ငံ ဘဝကနေ တရုတ်ဟာ ကုန်ထုတ်စွမ်းအား မြင့်မားလှတဲ့ နိုင်ငံကြီးအသွင် စတင် ပြောင်းလဲလာပါတယ်။
တစ်ဖက်မှာလည်း သူ့အပေါ် ဝေဖန်ကြတဲ့ ကွဲပြားတဲ့ ရှုထောင့်တွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကြောင့် ၅ နှစ်အတွင်း အလုပ်အကိုင် ဆုံးရှုံးရသူ သန်း ၃၀ လောက် ရှိခဲ့ပြီး ရုတ်တရက် ကြီးကြီးမားမား တိုးတက်လာမှုတွေကြားမှာ ဆင်းရဲချမ်းသာ ကွာဟချက်က ပိုဆိုးသွားကြောင်း ထောက်ပြတာတွေလည်း ကြုံခဲ့ရပါတယ်။
လျှပ်စစ်အင်ဂျင်နီ တစ်ဦးဖြစ်တဲ့ ကျူးဟာ အာဏာရ ကွန်မြူနစ် ပါတီကို ၁၉၄၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပေမယ့် နှစ်ကြိမ် ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ ပထမ တစ်ကြိမ်က တရုတ် ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ စီးပွားရေး မူဝါဒတွေကို ဝေဖန်မိလို့ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ တရုတ်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေး ကာလမှာ ထပ်ဝေဖန်မိတာတွေကြောင့်ပါ။
မော်ကွယ်လွန်သွားတဲ့ နောက်မှာတော့ ပါတီက သူ့ကို ပြန်ခေါ်ခဲ့ပါတယ်။ ကျူးဟာ ရှန်ဟိုင်းရဲ့ မြို့တော်ဝန်နဲ့ တရုတ်ဗဟိုဘဏ် အကြီးအကဲ တာဝန်တွေကိုလည်း ရယူခဲ့ဖူးပါတယ်။
ကိုးကား: BBC

















































