ဩဂုတ်-၁၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ ယခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေ ကာတာကျိုးကျပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။
ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ ဒေသတွင်းမိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ ဩဂုတ် ၁၃ရက်ကစပြီး ရေပြန်တက်လာတာပါ။

Public Service Announcement
” တာကျိုးကာစက မြုပ်တဲ့ရေထက် ပိုများနေပြီ။ လေးမျက်နှာရော ဒေသတကြောလုံး ပြန်တက်လာတာ။ မူလထက် ၂ပေကျော်အထိ ရေတိုးလာလို့ စခန်းတွေ ထပ်ရွှေ့ရတယ်”လို့ လေးမျက်နှာမြို့ခံတစ်ဦးက ပြောပါတယ်။
ရေအတက်ကြမ်းလာလို့ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရတယ်လို့ သိရပါတယ်။
တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။တာကျိုးေပါက်ကိုSheet Pile ရိုက်ပြီး ကာရံတဲ့ လုပ်ငန်းလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ကလည်း ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ၉လက်မကနေ ၁ပေခွဲခန့်အထိ ကျော်လွန်နေပါတယ်။
မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာကနေလည်း မြစ်ရေကျော်နေလို့ အတွင်းပိုင်းကနေ သဲအိတ် တွေကာနေရပါတယ်။
မြန်အောင်တာမိုင် ၆/၃ နဲ့ ၆/၄ ကြား အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၇၆၅)ပေရှိ တာခြေထောက်မြေထိန်းကွန်ကရစ်နံရံ ကြံ့ခိုင်ရေးကိုလုပ်ဆောင်နေရတယ်လို့ ဌာနဆိုင်ရာကသတင်းထုတ်ပြန်ထားပါတယ်။ဇလွန်မြို့၊ ညောင်ပင်သာရွာက ရေကာတာကို သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။
မြန်အောင်နဲ့ ဇလွန်ရေကာတာ ကျိုးပေါက်ခဲ့ရင် လက်ရှိရေဘေးကြုံနေတဲ့မြို့နယ်တွေအပြင် အနီးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဓနုဖြူ၊ အင်္ဂပူ၊ကွင်းကောက်မြို့နယ်တွေလည်း ရေကြီးနစ်မြုပ်မယ့်အန္တရာယ်ရှိနေပါတယ်။
လေမျက်နှာမြို့ တာကျိုးပေါက်တဲ့ဖြစ်စဉ်မှာဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးနေသလို ဒါးကချောင်းအပါအဝင် ဒေသတွင်းက ချောင်းတွေလည်းရေဝင်လာလို့ အသုတ်၊ ပန်းတနော်မြို့တွေမှာလည်း အနိမ့်ပိုင်း တွေနစ်မြုပ်လာပြီလို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းက မြစ်ကမ်း ဘေးမြို့နယ်တွေမှာလည်း ပုံမှန်ထက်မြင့်တက်နေတဲ့အတွက် ဧရာဝတီတိုင်းမှာ မြစ်ရေထပ်မံမြင့်တက်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။
လတ်တလောမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့မန္တလေးတိုင်းမှာလည်း မြို့နယ်အချို့ရေဘေးကြုံနေပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဉ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ဆည်ရေတွေ ဖောက်ထုတ်ခြင်းတို့ကြောင့် စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၂၁ ခုမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးသူ ၈ ဦးနဲ့ လူဦးရေ စုစုပေါင်း ၄၅၂,၆၆၃ ဦးခန့် ရေဘေးကြုံနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေတယ်လို့လည်း MoSLHAက အသိ ပေးထားပါတယ်။

















































