ဩဂုတ်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကတေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ကဩဂုတ်၁၆ရက်မနက်၆နာရီ ၄၀မှာ သံတွဲမြို့ပေါ် တနေရာနဲ့ ၆နာရီ ၅၀ ခန့်မှာ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာအနီးဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
သံတွဲမြို့ပေါ် တိုက်ခိုက်ခံရမှုမှာသားအဖ ၂ဦး သေဆုံးခဲ့သလို ၂နှစ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်ရွှေလေးရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement
သေဆုံးခဲ့တဲ့သားအဖ ဟာ အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့ရွှေရည် နဲ့ အသက်၅၀ အရွယ် ဖခင်ဖြစ်သူ ဦမင်းနောင်တို့ဖြစ်ပါတယ်။ အသက် ၂ နှစ်အရွယ် မောင်ရွှေမိုးယံဇော် နဲ့ အသက် ၄၅ နှစ်အရွယ် ဦးဇေယျာမင်းလွင်တို့ရဲ့ ဒဏ်ရာတွေကပြင်းထန်ပါတယ်။ ဒေါ်ဌေးဌေးမော် နဲ့ သန့်ရှင်းရေး ဝန်ထမ်း ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ AA ကအသိပေးပါတယ် ။
စစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကိုလေကြောင်း တိုက်ခိုက်မှုတွေ အခုလပိုင်းအတွင်းဆက်တိုက်လုပ်နေတာပါ။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ သံတွဲ၊ ဂွ၊အိမ်းမြို့နယ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေကြောင်းဗုံးကြဲတာတွေ အဆက်မပြတ်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေဖြစ်ခဲ့ရပါတယ်။
ဩဂုတ် ၁၃ရက်ည ဂွမြို့နယ် ကျိန္တလီမြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ မိသားစုလိုက်သေဆုံးတာ အပါအဝင်အရပ်သား ၈ဦးသေဆုံးကာ အချို့ဒဏ်ရာရခဲ့ပါတယ်။ ဩဂုတ် ၁၀ရက် သံတွဲမြို့နယ် ကျောက်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း အရပ်သား ၁၆ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမတိုင်ခင် ကလည်း စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို အကြိမ်ကြိမ်လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှုအများအပြားရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ AAနဲ့ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲကာ အရပ်သား ပြည်သူလူထုကို နေ့ညအချိန်မရွေး လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေလို့ အာရက္ခဒေသတခုလုံး စစ်တပ်လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့လည်း AAက တိုက်တွန်းထားပါတယ်။


















































