ဩဂုတ်-၁၆၊၂၀၂၆။ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသနေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဒီနေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။
ဩဂုတ်လ၁၆ရက် နေ့၊ ညနေ ၄နာရီဝန်းကျင်မှာ ပင်လည်ဘူးမြို့နယ် ကင်းပန်းဆေးရုံနဲ့ စာသင်ကျောင်းကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲသွားတာလို့ သိရပါတယ်။
“နဂါးထဲကနှစ်ကောင်ထွက်ပြေးပြီးတော့ အဲဒီနေရာကို စစ်တပ်က လာကြဲတာပဲ။အထိခိုက်တော် တော်များတယ်လို့ သိရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါပေမယ့် ဗုံးကြဲခံရမှုကြောင့်ထိခိုက်မှုအခြေအနေကို အသေးစိပ်မသိရသေးပါဘူး ။

Public Service Announcement
နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေကတိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုတို့ဟာ ဆေးကုသမှုခံယူစဥ်ထွက်ပြေးသွားတာလို့ ဖြစ်စဥ်သိတဲ့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
သူတို့ ၂ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို ၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။
ပင်လည်ဘူးမြို့ဟာ PDFနဲ့ တော်လှန်ရေးတပ်တွေ ၂၀၂၃ နိုဝင်လကတည်းကထိန်းချုပ်ထားခဲ့တဲ့ မြို့ဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ ၁ရက်ညနက်ပိုင်းကစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် BNRA စခန်းတွေကို PDFနဲ့ ပကဖ ရဲဘော်တွေက ဖယ်ရှားရာကနေ ၂၀၂၆ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်နဲ့ပူးပေါင်းသွားပြီး စစ်တပ်က ဗိုလ်နဂါးကို ရဟတ်ယာဥ်နဲ့ ခေါ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို PDFနဲ့ ပကဖ ရဲဘော်တွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
BNRA စခန်းတွေစီးနင်းဖယ်ရှားပြီးနောက် လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကို စစ်ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပြီးပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ သူတွေစိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ MODကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။
PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀ ကျော် လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ၅ ဦးနဲ့ စုစုပေါင်း ၂၀ ကျော်ဟာစစ်တပ်နဲ့ ပူးပေါင်းသွားခဲ့ကြပါတယ်။
သုဘရာဇာနဲ့ ဒေါင်းညိုဟာ ထွက် ပြေးတဲ့ဖြစ်စဉ်ဟာ BNRAအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအချို့ကို ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ်ပါတယ်။ ဖေဖော်ဝါရီမှာဘဲBNRAတပ်ရင်း(၃)တပ်ရင်းမှူး ဗိုလ်မျက်လုံးဟာ PDF တွေဆီ လက်နက်ချပြီးမှ ထွက်ပြေးသွားကာစစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ BNRA ခေါင်းဆောင်နဂါးကတော့လက်ရှိမှာတော်လှန်ရေးကိုပုံဖျက်တဲ့ သုံးသပ်ချက်စာတွေလူမှုကွန်ယက်ပေါ်မှာရေးပြီးစစ်တပ်အတွက်ဆက်တိုက်ဝါဒဖြန့်ချိနေတယ်လို့ ပုလဲမြို့နယ်ကတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


















































