သြဂုတ်-၁၆၊၂၀၂၆။တာရာ/People’s Spring
YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။
လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ရက် ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
” ကျွန်တော်တို့ ဩဂုတ်လ ၁၄ ရက်နေ့က YBS ယာဉ်စီးခ တိုးမြှင့်မှုဆိုတာ ပြန်ဖျက်လိုက်ပါပြီ။စက်တင်ဘာလ ၁ ရက်က စတင်ပြီးတော့ တိုးမြှင့်မှု ကြေညာချက်ကိုဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာစတင်ပြီးတော့ ပြန်လည် ပယ်ဖျက်လိုက်ပါပြီ။ တော်တော်လေးလည်းဝေဖန်ကြတယ်။ ခရီးသည်တွေဘက်ကလည်းအဆင်မပြေဖြစ်တယ်ဆိုတယ့် ဝေဖန်သံတွေကြားရတော့ ဖျက်သိမ်းလိုက်တာပါ” လို့ YRTC မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ယာဥ်ပြင်ဆင်ခစရိတ်တွေ ကြီးမြင့်လာတာကြောင့် YBS ကားခတွေကို စက်တင်ဘာ ၁ ရက်ကနေစပြီးတိုးမြင့်ကောက်ခံမယ်လို့ YRTC က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ခရီးစဥ် အစ/အဆုံး ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိလည်းကောင်း ၊ မြို့တွင်းခြောက်မြို့နယ်အတွင်း ပြေးဆွဲနေတဲ့ YBS 56 ၊ YBS 57 ၊ YBS 58 ကားခတွေကို ၃၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။
YBS ယာဥ်စီးခတိုးမြှင့်ကောက်ခံတာကို ခရီးသည်တွေက အဆင်မပြေဖြစ်နေကြပြီး ဝေဖန်မှုတွေမြင့်တက်လာတာလည်းဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်တွေရှားပါးကာ ငွေဖောင်းပွပြီး အထွေထွေစာရိတ်တွေကြီးမြှင့်တာကြောင့် ပြည်သူအများစုက အခြေခံစားဝတ်နေရေးအတွက်ကိုတောင်ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အသုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။
YRTC လက်အောက်မှာ YBS ယာဉ်အစီးရေ ၆ဝဝဝ ကျော်ရှိနေပြီး နေ့စဉ်ယာဉ်အစီးရေ ၃ဝဝဝ ခန့်ပြေးဆွဲ ပေးနေတယ်လို့ သိရပါတယ်။


















































