အောက်တိုဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတချို့ မြစ်ကမ်းပါးပြိုလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
သရက်ခရိုင်၊ ကံမမြို့ အမှတ်(၂)ရပ်ကွက်မှာ အောက်တိုဘာ (၅) ရက် ည ၁၀ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးတွေပြိုလာလို့ လူနေအိမ် ၃၆ လုံး ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ နေအိမ်ပြောင်းရွှေ့ထားရသူတွေဟာ မြို့နယ်သာသနာ့ဗိမာန်မှာ ယာယီနေထိုင်နေရတယ်လို့ သိရပါတယ်။

Public Service Announcement
အလားတူ ပခုက္ကူမြို့နယ်၊ မရိုးကုန်းရွာမှာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဧရာဝတီမြစ်ကမ်းပါးပြိုနေလို့ နေအိမ်တွေဖျက်ကာ အရေးပေါ် ရွေ့ပြောင်းခဲ့ရကြောင်း၊ ယခုအောက်တိုဘာလဆန်းမှာလည်း ကမ်းပါးတွေထပ်ပြိုနေလို့ ကျန်တဲ့နေအိမ်တွေ ထပ်မံ ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“တစ်ရွာလုံး အကုန်ပြောင်းထားရတယ်။ နေစရာဝိုင်းတွေလည်း ကုန်ပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။
ထားဝယ်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေဖြစ်ပွားခဲ့ပြီး ပြည်သူ ၃၂ ဦး သေဆုံးကာ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။



















































