သြဂုတ်-၁၉၊ ၂၀၂၆။တာရာ/People’s Spring
ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတွေ ဆောက်လုပ်နေတယ် ဆိုပြီး စစ်တပ်လက်အောက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က အရာရှိတွေ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ၊ကန်ထရိုက်တာတွေကို စစ်အုပ်စုရဲ့ စစစ (အထူးစုံစမ်းစစ်ဆေးရေးဦးဌာန) က ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
ရန်ကုန်စည်ပင်က အင်ဂျင်နီယာဌာန(ယာအုံ)က ခရိုင်မှူး ၄ ဦးကို စစ်အုပ်စုကဖမ်းပြီးစစ်ဆေးနေတယ်လို့ ဖြစ်စဥ် သိသူသတင်းရင်းမြစ်တဦးကပြောပါတယ် ။
“ယာအုံတာဝန်ခံတွေ ဒီကာလ ပိုက်ဆံကိုအိတ်နဲ့သယ်နေရတယ်။တိုင်စာတက်တော့ မတဝ(စစ်တပ်ခန့် ထွေအုပ်) က စစစ လွှဲလိုက် တာ ချက်ခြင်းဖမ်းသွားရော”လို့အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ် ။

Public Service Announcement
၎င်းတို့အပြင်မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ၊စာရေး နဲ့ မြေပိုင်ရှင်အချို့လည်းဖမ်းဆီးစစ်ခံနေရတယ်လို့သိရပါတယ် ။ ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ စည်ပင် ၊ကန်ထရိုက်တာ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး တို့ပေါင်းပြီးဆောက်လုပ်ထားတဲ့ကန်ထရိုက်တိုက်အလုံးရေများစွာရှိတယ်လို့ စည်ပင်ဝန်ထမ်းတဦးကပြောပါတယ်။ အခုလို ပြသာနာတက်ဖမ်းဆီးစစ်ဆေးတာဟာ အဝေမတည့်ကြလို့ဖြစ်ပြီး အမှတ်တကယ်အရေးယူမယ်ဆိုရင် ရန်ကုန်တစ်မြို့လုံးအဆောက်အအုံများစွာနဲ့ စည်ပင်ဝန်ထမ်းတွေ ၊ အုပ်ကြီးတွေ ၊ကန်ထရိုက်တာတွေ ၊လျှပ်စစ်ရုံးအရာရှိတွေအများအပြားအရေးယူရမှာဖြစ်တယ်လို့ CDM အရာရှိတဦးကပြောပါတယ် ။
စမ်းချောင်းမြို့နယ်မှာလည်း အဆောက်အအုံတွေကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံးကဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။
စမ်းချောင်းမြို့နယ်မှာရှိတဲ့ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ မုန့်လက်ဆောင်းကုန်း(တောင်)၊သံတံတားရပ်ကွက်၊ လင်းလွန်း(မြောက်)၊ လင်းလွန်း(တောင်) ရက်ကွက်တွေမှာ စစ်တပ် လက်အောက်ခံ စည်ပင်သာယာရေးကော်မတီ(စည်ပင်)ကို ဆောက်လုပ်ခွင့်မတင်ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လိုင်စင်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်လုပ်နေတာလို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
သြဂုတ် ၁၄ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံး ဖမ်းဆီးပြီးမင်္ဂလာဒုံမြို့နယ်ကရေကြည်အိုင်စစ်ကြောရေးမှာ စစ်ဆေးနေတာလို့ ဆိုပါတယ်။
“ရေကြည်အိုင်မှာ သူတို့ကိုစစ်နေတာ ဟုတ်တယ်။ကန်ထရိုက်ကစည်ပင်ကလူကြီးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးပြီး ဆောက်တာ။ပြောရရင် လိုင်စင်မဲ့ဆောက်နေတာပေါ့။ တိုင်တဲ့သူရှိလို့ စစ်ဆေးရာကနေ လိုင်စင်မဲ့ဆောက်မှန်းသိတာ”လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စမ်းချောင်းမြို့နယ်မှာ စစ်တပ် လက်အောက်ခံ စည်ပင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃၂ လုံးခန့်ရှိပြီး အဆိုပါအဆောက်အအုံအချို့မှာ ကြိုပွိုင့်စနစ်တွေနဲ့ ရောင်းချထားပြီးအခန်းတွေလည်း ပါနေတယ်လို့ စုံစမ်းသိရပါတယ်။
“အကုန်ရောင်းပြီးသား။ တချို့တိုက်တွေဆို လူတွေတောင် နေနေပြီ။စာတွေလာကပ်သွားတေ့ာ ဖယ်ပေးရတော့မှာ။ စာလာကပ်သွားတာ တပတ်လောက်ရှိပြီ။ စည်ပင်ကလာကပ်သွားတာ” လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အဆိုပါအဆောက်အအုံ ၃၂ လုံးကို တင်ဝင်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတည်းက ဆောက်လုပ်တာဖြစ်တယ်လို့လည်း ဒေသခံအချို့ကပြောပါတယ်။
စည်ပင်ဥပဒေပုဒ်မ ၆၁ (ဃ)အရ စည်ပင်က ခွင့်ပြုထားတဲ့ အဆောက်အအုံ ပုံစံနဲ့ ကွဲလွဲတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။
ပုဒ်မ ၆၁ (င) အရ ဆောက်လုပ်ပြီးစီးထားတဲ့ အဆောက်အအုံမှာ စည်ပင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တာ၊ အသုံးပြုတာတွေကို တားမြစ်ထားပြီး အဲဒီတားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် တစ်သောင်းကနေ အများဆုံး ငွေဒဏ်ကျပ် ၅ သိန်းအထိဖြစ်စေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။


















































