လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။
ဒါဟာ တစ်နှစ်ကျော် ကာလအတွင်း၊ ပြီးတော့ ဝန်ကြီးချုပ် စနအဲ တကအိချိ လက်ထက်မှာ ပထမဆုံး လက်တွေ့ သေဒဏ် စီရင်မှုလည်း ဖြစ်လာပါတယ်။ အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ ဆူနာရို တာကာမီကို အိုဆာကာမှာရှိတဲ့ အကျဉ်းထောင် တစ်ခုမှာ ဩဂုတ် ၂၁ ရက် မနက်ပိုင်းက ကြိုးပေး ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။
တာကာမီဟာ ၂၀၀၉ ခုနှစ်တုန်းက အိုဆာကာမှာရှိတဲ့ နေအိမ်နားက ဂိမ်းဆိုင်တစ်ခုကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ဂိမ်းကစားသူ ၄ ဦးနဲ့ ဆိုင်ဝန်ထမ်း ၁ ဦးတို့ သေဆုံးခဲ့ရပါတယ်။
တာကာမီက သူဟာ အကြွေးဝန်ပိတာတွေ၊ အလုပ်လက်မဲ့ အခြေအနေနဲ့ ရုန်းကန်ရတာတွေ၊ စိတ်ဖိစီးတာတွေကို အကြောင်းပြုပြီး အဲဒီမှုခင်းကို ကျူးလွန်မိကြောင်း ထွက်ဆိုခဲ့ပါတယ်။

Public Service Announcement
တရားခံ ရှေ့နေတွေက တာကာမီဟာ အမှုကို ကျူးလွန်ခဲ့ချိန်တုန်းက စိတ်ဝေဒနာ ခံစားနေရတယ်လို့ ခုခံ လျှောက်လဲခဲ့ပေမယ့် ၆ ဦးပါ ဂျူရီ အဖွဲ့ရော၊ တရားသူကြီး ၃ ဦးပါ စစ်ဆေးရေး အဖွဲ့ကပါ ပယ်ချခဲ့ပြီး ၂၀၁၁ မှာတော့ သေဒဏ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။
ဂျပန်မှာတော့ သေဒဏ်စီရင်ခံရမယ့် ရာဇဝတ်သားဟာ ပြစ်ဒဏ်ကို လက်တွေ့ အကောင်အထည် မဖော်ခင် နာရီပိုင်း အလိုကျမှ အချိန်ကပ်ပြီး အသိပေး ခံရပါတယ်။
သေသေချာချာ ဂရုတစိုက် ဆင်ခြင်သုံးသပ်မှုတွေ အပြီးမှာတော့ တာကာမီရဲ့ သေဒဏ် ပြစ်ဒဏ်ကို လက်တွေ့ စီရင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း တရားရေး ဝန်ကြီး ဟီရိုရှီ ဟီရာဂူချီက ပြောကြားခဲ့ပါတယ်။
မနှစ်က ဇွန်လတုန်းကလည်း ဂျပန်ဟာ Twitter လူသတ်သမားလို့ လူသိများတဲ့ တာကာဟီရို ရှီရိုင်ရှီကို ကွပ်မျက်ခဲ့ပါတယ်။ သူဟာ ၂၀၁၇ တုန်းက လူ ၉ ဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ ကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့သူပါ။ အဲဒီနှစ် အောက်တိုဘာလတုန်းက တိုကျို မြို့တော်နားမှာရှိတဲ့ ဇာမာမြို့မှာ ပျောက်ဆုံးနေသူ တစ်ဦးကို ရဲတွေက လိုက်ရှာရင်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရှိခဲ့ရာက ရှီရိုင်ရှီရဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ဂျပန်မှာတော့ ဆိုးရွားတဲ့ ရာဇဝတ်ကောင်တွေကို သေဒဏ်ချမှတ်သင့်ကြောင်း လူထုရဲ့ ထောက်ခံမှုက မြင့်မြင့်မားမား ရှိနေပါတယ်။ တစ်ဖက်မှာတော့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သေဒဏ်ကျ အကျဉ်းသားတွေဟာ အချိန်အကြာကြီး သီးခြားဖမ်းဆီး ချုပ်နှောင်ခံထားရတာ၊ ကွပ်မျက်မယ့် အချိန်ကို ပွင့်လင်းမြင်သာမှုရှိရှိ မကြေညာတာတွေနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြထားပါတယ်။
ကိုးကား: BBC


















































