“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာစစ်ရေး၊နိုင်ငံရေး ကျရှုံးမှုတွေများလာတဲ့ အခါတိုင်း တဖက်အဖွဲ့အစည်းကို သိက္ခာချဖို့အတွက် သူ့မှာရှိတဲ့မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီးတော့ ဒီလိုမျိုးလုပ်ကြံစွပ်စွဲချက်တွေနဲ့ ယုတ်ညံ့အောက်တန်းကျစွာတိုက်ခိုက်လေ့ရှိပါတယ်”
— AAပြောရေးဆိုခွင့်ရှိသူခိုင်သုခ
ဩဂုတ်-၂၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်သို့သယ်ဆောင်ရောင်းဝယ်မယ့်ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိမရှိတဲ့ စွပ်စွဲချက်သာဖြစ်ပြီးAAနဲ့ဆက်စပ်မှုမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂၊ ၁၃၊ ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ ငွေကျပ် ၃၆ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ ဒသမ ၁၅ သန်းကို မကွေးတိုင်း မင်းလှမြို့နယ်နဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ဖမ်းဆီးရတယ်ဆိုပြီး AAကို စွပ်စွဲဝါဒဖြန့်ချီထားတာဖြစ်ပါတယ်။
“ဒါကတော့ ယုတ္တိမရှိတဲ့စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ဘာမှဆက်စပ်ပတ်သက်မှုမရှိပါဘူး။အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေး ကျရှုံးမှုတွေများလာတဲ့ အခါတိုင်း တဖက်အဖွဲ့အစည်းကို သိက္ခာချဖို့အတွက် သူ့မှာရှိတဲ့မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီးတော့ ဒီလိုမျိုးလုပ်ကြံစွပ်စွဲချက်တွေနဲ့ ယုတ်ညံ့အောက်တန်းကျစွာတိုက်ခိုက်လေ့ရှိပါတယ်”လို့ ဦးခိုင်သုခကပြောပါတယ်။

Public Service Announcement
အဲဒီလို စွပ်စွဲတာဟာ စစ်အုပ်စုအဆက်ဆက်ကျင့်သုံးလာတဲ့မရိုးနိုင်တဲ့ လုပ်ကြံဝါဒဖြန့်ဗျူဟာတခုဖြစ်ပြီး မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ ကျားဖြန့်အပါအဝင် မကောင်းမှု ဒုစရိုက်လုပ်ငန်းအားလုံးရဲ့ ဂိုဏ်းချုပ်ဟာ အကြမ်းဖက် မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ်တွေပဲဖြစ်တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
အခု AA အပေါ် စွပ်စွဲထားတဲ့မူးယစ်ဆေးဝါးတွေဟာလည်း စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြကာ လိမ်လည် ထားတာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ “အခုလည်း ဖော်ပြထားတဲ့ မူးယစ်ဆေးဝါးတွေကို ကြည့်လိုက်ပါ၊အရင်တုန်းကသူတို့အကြိမ်ကြိမ်ပြခဲ့တဲ့ အထုတ်တွေပဲ ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာ မကွေးတိုင်း မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်းမှာ ဇေယျာမိုး မောင်းနှင်တဲ့ DONGFENG ယာဉ်နဲ့ အောင်မင်းသန့် မောင်းနှင်တဲ့ FORLAND ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဲဒီ ယာဉ်နှစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းကို ကနဦးဖမ်းဆီးရမိခဲ့တာလို့ အာဏာ
သိမ်းစစ်တပ်လက်အောက်ခံမူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။အဲဒီမူးယစ်ဆေးတွေကို သယ်ယူရာမှာ ပူးပေါင်းပါဝင်ခဲ့သူတွေဖြစ်တဲ့ ရဲရင့်လှိုင်(ခ)ရဲရင့်၊ သက်ဝေအောင်(ခ) စိုင်း လေး၊ သူရဇော်(ခ)ကိုဟိန်းနဲ့ နေဇာအောင်တို့ကို နောက်တရက်အကြာ ဩဂုတ်လ ၁၃ ရက်မှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်းစစ်အုပ်စုကဆိုပါတယ်။
ဒါ့အပြင်ဩဂုတ်လ ၁၃ ရက်နေ့မှာပဲ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိယာဉ် ၄ စီးပေါ်မှ စိတ်ကြွ ဆေးပြား ၁၄၄ သိန်းကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ မကွေးတိုင်း မင်းတုန်းကို သယ်ယူလာတဲ့ နွေးရှိုင်းမင်း(ခ) ကိုရှိုင်း၊ အောင်စိုးဦးနဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ စိန်ဝင်းမောင်တို့ကို ထပ်မံဖမ်းဆီးရမိကာ စုစုပေါင်းငွေကျပ် ၃၆ဘီလီယံကျော်တန်ဖိုးရှိ ဆေးပြား ၂၄ ဒသမ ၁၅ သန်းကိုထပ်တွေ့ခဲ့ကြောင်းစစ်တပ်ကဝါဒဖြန့်ထားပါတယ်။
အဲဒီစိတ်ကြွဆေးပြားတွေ ရောင်းချပေးခဲ့သူဟာ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ စိုင်းဆမ် (ခ)လောပန်းဖြစ်ပြီး မင်းတုန်းမြို့သို့ အဓိကရောင်းဝယ်သူတွေဟာ စိန်ဝင်းမောင်နဲ့ နွေးရှိုင်းမင်း(ခ)ကိုရှိုင်းတို့ဖြစ် ကာ ရခိုင်သို့ ဆက်လက်သယ်ယူသူတွေကတော့ AA စီးပွားရေးတာဝန်ခံတွေဖြစ်တဲ့ ထွန်းကျော်နဲ့ ဘညွန့်ဆိုသူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါး စတင်ရောင်းချသူဆိုတဲ့ ဝမ်ဟိုင်းနေ စိုင်းဆမ် (ခ)လောပန်းနဲ့ AA စီးပွားရေးတာဝန်ခံတွေ ဆိုတဲ့ ထွန်းကျော်နဲ့ ဘညွန့်တို့ကို ဖမ်းဆီးမရသေးဘဲ ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မယ်ဆိုတဲ့ ဘီလီယံရှိတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတိုင်း မူးယစ်ဆေးဝါးတွေရဲ့နောက်ကွယ်မှာ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အရာရှိတွေ ပါဝင်ပက်သက်နေကြောင်းဝါဒဖြန့်ထုတ်ပြန်လေ့ရှိပါတယ်။
ဒီအပေါ် အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်က စစ်အုပ်စုဟာ စစ်တပ်ကိုတော်လှန်နေတဲ့တော်လှန်ရေးအဖွဲ့တွေကို အမျိုးမျိုးအမည်ဖျက်လေ့ရှိပြီး ၊AAကိုလည်းမူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး နိုင်ငံတကာ သို့ လျှောက်ပြောကာ အပုပ်ချလေ့ရှိကြောင်း ၊ထိုကြောင့် AA က နိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံရာမှာစစ်တပ်ကသတင်းအမှားတွေဖြန့်ချီတာဖြစ်ကြောင်းရှင်းပြရလေ့ရှိကြောင်း ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ် ။


















































