သြဂုတ်-၂၇၊၂၀၂၆။တာရာ/People’s Spring
ရန်ကုန်မြို့မှာ ဝမ်းရောဂါနဲ့သေဆုံးသူဆက်တိုးနေပေမယ့် စစ်တပ်က သတင်းတွေကိုထိမ်ချန်ထုတ်ပြန်နေပါတယ် ။
ရန်ကုန်အပါအဝင် အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာဝမ်းရောဂါကြောင့်သေဆုံးသူ မရှိပဲ ရခိုင်ပြည်နယ်စစ်တွေမြို့မှာပဲ ဝမ်းရောဂါကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့စစ်တပ်အောက်ရှိကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ က သြဂုတ် ၂၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစာရင်းမှာ ရန်ကုန်မြို့မှာ သြဂုတ်လ ၁၅ ရက်ကနေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၆၅ ဦး၊ ရခိုင်ပြည်နယ်မှာ ၈၁ ဦး၊ မွန်ပြည်နယ်မှာ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဦး စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ဦးရှိတယ်လို့ဆိုပါတယ်။အဲဒီထဲမှာကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀၀ ဦးရှိပြီး ရခိုင်ပြည်နယ်က ၂ သေဆုံးခဲ့တယ်လို့ ဆိုထားတာပါ။

Public Service Announcement
ဒါပေမယ့် စစ်တပ်လက်အောက်ခံ၊ ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တဦးက ရန်ကုန်မြို့မှာ ဝမ်းရောဂါဆက်လက်ကူးစက်နေဆဲဖြစ်ပြီး သေဆုံးသူ သြဂုတ် ၂၄ ရက်အထိ ၅ ဦးအထက်ရှိနေပြီလို့လို့ ပြောပါတယ် ။သေဆုံးလူနာအများစုဟာသက်ကြီးပိုင်းတွေဖြစ်တယ်လို့လည်းသူကဆက်ပြောပါတယ်။
“အားလုံးကပုံမှန်လိုပဲ စားသောက်သွားလာနေကြတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ ပြောချင်တယ်။ တနေ့တနေ့ဆေးရုံကြီးကိုဝမ်းလျှောလို့လာတဲ့လူနာတွေကမနည်းဘူး။ နယ်ဘက်ကလူတွေလည်းလာကြတယ်။ သက်ကြီးပိုင်းတွေကျမခံနိုင်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေက ပုဂ္ဂလိကဆေးရုံကိုတတ်နိုင်တာပေါ့။သေတဲ့သူတွေလည်းရှိတယ်။ သတင်းမထုတ်ပြန်တာပဲရှိတယ်” လို့ အထက်ပါNon-CDM ဆရာဝန်ကရှင်းပြပါတယ်။
ဒါ့အပြင် သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ၁၀ မြောက်ရပ်ကွက်၊ မာန်ပြေ၊၈ ရပ်ကွက်၊ ၉ ရပ်ကွက်နဲ့ အနော်မာရပ်ကွက်တို့မှာတင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၇၆ ဦးရှိပြီး အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးထပ်မံသေဆုံးခဲ့ကြောင်းသြဂုတ်၂၆ရက်မှာသတင်းထပ်မံရရှိပါတယ်။
ဒါ့အပြင် သြဂုတ် ၂၄ နေ့မနက်ပိုင်းမှဒဂုံတက္ကသိုလ်ကားဝင်းမှာရပ်ထားတဲဲ့ YBS 117 ယာဥ်ရဲ့ယာဥ်မောင်းတစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကားပေါ်မှာမေ့လဲခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ပြည်သူအချို့ကပြောပါတယ်။
ဒါကြောင့် ပန်းပဲတန်းမြို့နယ်မှာစတင်တွေ့ရှိခဲ့ တဲ့ဝမ်းရောဂါဟာမြို့နယ်အတော်များများမှာဆက်လက်ကူးစက်နေသလို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းနဲ့ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းလူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက စစ်တပ်ရဲ့ရန်ကုန်တိုင်းလွှတ်တော်မှာ ဝမ်းရောဂါဖြစ်ပွားသူ ၅၀၀ ဦးရှိတယ်လို့သြဂုတ် ၁၇ ရက်ကပြောကြားခဲ့ပါတယ်။ဒါကြောင့် အခုထုတ်ပြန်တဲ့စာရင်းနဲ့ ဦးဗိုလ်ဌေး သြဂုတ် ၁၇ ပြောခဲ့တဲ့စာရင်းနဲ့တောင် အတော်ကွာဟနေတာကိုတွေ့ရပါတယ် ။
လက်တွေ့မှာ ရန်ကုန်တစ်မြို့တည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်လာပြီးသေဆုံးသူတွေကိုကူးစက်ရောဂါနဲ့ သေဆုံးတာကြောင့်ဆိုပြီး ထိန်ပင်သုဿာန်မှာ ပဲသဂြိုလ်ခိုင်းတယ်လို့ သေဆုံးသူ အချို့ရဲ့မိသားစုဝင် အချို့က People’s Spring ကိုပြောပါတယ် ။
“ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အဆောင်မှာပဲ။အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်” လို့ ရန်ကုန်မြို့မှာ သြဂုလဒုတိယပါတ်မှာ ဝမ်းရောဂါနဲ့သေဆုံးခဲ့သူရဲ့မိသားစုဝင်တဦးကလူထုနွေဦးကိုပြောပါတယ်။သေဆုံးသူဟာ အသက် ၈၇ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ် ။
ဒါ့အပြင်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့အိမ်တွေကိုလည်း ကိုဗစ်တုန်းကလို Stay Home ပုံစံနဲ့နေခိုင်းပြီး သေဆုံးပါကနာရေးပြုလုပ်ခွင့်မပေးပဲတားမြစ်ထားပါတယ်။
စစ်ကောင်စီဟာဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကို မထိန်းချုပ်နိုင်သေးတာကြောင့်လမ်းဘေးစျေးသည်တွေကိုလည်း သြဂုတ်လနောက်ဆုံးပါတ်အခထိပိတ်ခိုင်းထားဆဲဖြစ်ပါတယ်။
“ဆိုင်ကခုချိန်ထိမဖွင့်ရသေးဘူး။ ဘယ်လောက်ကြာမလဲမသိသေးဘူး။ သူတို့ပြောတုန်းကတစ်ပါတ်တဲ့။ ခုကျတော့ ရက်အကန့်အသတ်မရှိတယ့်။ စားဝတ်နေရေးထိခိုက်တာပေါ့” လို့စျေးသည်တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။


















































