ဩဂုတ်−၂၇၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers – FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။
မြေမြုပ်မိုင်းရှင်းခိုင်းတဲ့အချိန်မှာ အကာအကွယ်မပါတဲ့အပြင် အနောက်ကနေပါ သေနတ်နဲ့ချိန်းရွယ်ပြီး ရှေ့တန်းစစ်မြေပြင်ကို တိုးခိုင်းခဲ့တယ်လို့ မျက်မြင်ကြုံခဲ့တာကို သူရဲ့ လူမှုကွန်ယက်ကတဆင့် အသိပေးပါတယ်။
” ဒီနေ့ပဲဖြစ်ခဲ့တာပါဗျ။နေရာကတော့ ဖော်ပြသေးလို့မရသေးဘူး”လို့ ကိုအောင်ဇေယျက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
တော်လှန်ရေးအဖွဲ့တွေက ဖြစ်စဉ်နေရာကို တက်စစ်ဆေးချိန်မှာ မိုင်းမိပြီး သေဆုံးတဲ့ စစ်မှုထမ်းတပ်သား ၃ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
” ပစအသစ်တွေကို မြေမြုပ်မိုင်းကိုရှင်းခိုင်းတဲ့အချိန်မှာ ဘာအကာကွယ်မပါ ကိုယ့်ကို ကာကွယ်ဖို့ ဘာ မှမပါ ခြေဗလာကြီးနဲ့ အရှေ့မတက်ရင်လည်း အနောက်က ပစ်သတ်ဖို့ ချိန်ရွယ်ထားပြီးတိုးခိုင်းတယ်။ အဲ့လိုနဲ့ နင်းမိပြီး ၃ယောက် သေတယ်။ဒီစနစ်ဆိုးကြီး က လူအရင်းအမြစ်ကြီးကို အားရပါးရဝါးမြိုနေတာ မြင်ပြီးစိတ်မကောင်းဖြစ်တာအမှန်ပဲ။ တွန်းလှန်မှာလား ဆက်ငြိမ်ခံမှာလား သို့မဟုတ် ကိုယ်မထိသရွေးကတော့ အေးဆေးပဲဆိုပြီး စောင့်နေကြမှာလား”လို့ ကိုအောင်ဇေယျက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆိုမြို့နယ်နဲ့ ရှမ်းတောင်ပိုင်းအစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးနေပါတယ်။
ဒါကြောင့် မိုးဗြဲမြို့ နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ ဒီးမော့ဆိုမြို့နယ်ထဲက လီဝိုးရွာ၊ နန်းမယ်ခုံမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က အရေးပေါ်သတိပေးထားပါတယ်။
ဒီးမော့ဆိုမြို့ ဒေါငံခါးရွာအနီးမှာလည်း စစ်တပ်စစ်ကြောင်းတွေက နန်းမယ်ခုံမြို့ဘက်ကို တိုးနိုင်ဖို့ စစ်ကြောင်းတိုးနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲ ဖြစ်နေပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နန်းမယ်ခုံမြို့ ကို ပြန်လည်ထိန်းချုပ်ရေးအပါအ၀င် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိကလမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။


















































