Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ်တွေက တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းသန့်ကို သတ်ပြီး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ဗိုလ်မှူးကျော်မင်းသန့်ကို အဓမ္မစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ လုပ်ကြံမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်က ထွက်ဆိုပါတယ်။

(တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းသန့်ကို သတ်ပြီး KNLA ထံ အလင်းဝင်လာရာမှာ ဦးဆောင်တဲ့ စစ်မှုထမ်းတပ်သား။ ဓာတ်ပုံ - Screengrab)

” ကျနော်တို့ တပ်ရင်းမှူးကို သတ်နေတဲ့အချိန်မှာ အထုပ်အပိုးတွေနဲ့ ပြင်ဆင်နေတဲ့အချိန်မှာ ကျနော်တို့က ပစ်ဖို့က အဆင့်သင့်။ သေမှာလည်းကျနော် မကြောက်တော့ဘူး အဓိကတော့ ကျနော်လွတ်မြောက်ချင်တာ အဲဒီစိတ်နဲ့ ကြိုးစားလိုက်တာ အဆင်ပြေသွားတယ်”

— စစ်မှုထမ်း သင်တန်းဆင်းရဲဘော်

ဇွန် ၂၈၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ဗိုလ်မှူးကျော်မင်းသန့်ကို အဓမ္မစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ လုပ်ကြံမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်က ထွက်ဆိုပါတယ်။

အဲဒီလို အလင်းဝင် ပူးပေါင်းလာတဲ့ စစ်မှုထမ်းတပ်သားသစ်နဲ့ အမေးအဖြေလုပ်ဆောင်ထားတဲ့ ရုပ်သံကို ဖာပွန်စစ်မြေပြင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့အတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြသခဲ့ရာ အသက် ၃၃နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ်က အရာရှိကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်အကျဉ်းကို ရှင်းပြခဲ့ပါတယ်။

သူဟာ ပဲခူးတိုင်းအတွင်း နေထိုင်သူဖြစ်ပြီး အခုနှစ် ဇန်နဝါရီမှာ ပေါ်တာဆွဲခံရတာ ဖြစ်ကြောင်း၊ နေအိမ်အတွင်းရှိနေစဉ် စစ်တပ်က ဝင်ပြီး ပေါ်တာဆွဲခဲ့တာဖြစ်ကြောင်း ရှင်းပြပါတယ်။ အပတ်စဉ် (၂၁)မှာ အခြား သင်တန်းသား ၂၇၀ ကျော်နဲ့အတူ သင်တန်းတက်ခဲ့ရတာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သင်တန်းပြီးတော့ မြို့ပေါ်မှာ နေရမယ်ဂိတ်မှာ နေရမယ်လို့ စစ်တပ်က ပြောဆိုပေမယ့် သင်တန်းအပြီး ဖာပွန်ရှေ့တန်းကို ပို့ဆောင်ခဲ့ကြောင်း အဲဒီ စစ်မှုထမ်းသင်တန်းဆင်းရဲဘော်က ပြောပါတယ်။

” တပ်ရင်းမှူးကို ကျနော်သတ်ဖို့က ရှေ့တန်းကို စထွက်လာကတည်းက ကမမောင်းမှာ အဲဒီကတည်းက သူ့ကို သတ်ဖို့ ကြံစည်နေတာ”လို့ သူက ပြောပါတယ်။

ဒါပေမယ့် တပ်ရင်းမှူးက ပါးနပ်လို့ ဖာပွန်နယ် ကမမောင်းစစ်မြေပြင်မှာ လုပ်ဆောင်မရခဲ့ကြောင်း၊ တပ်ရင်းမှူးကို လုပ်ကြံဖို့ အချင်းချင်း စည်းရုံးခဲ့သလို အလုပ်ကိုလည်း သူများထက် ပိုကြိုးစားပြခဲ့ကြောင်း ပြောပြပါတယ်။

အဲဒီလို ကြိုးစားပြလို့ တပ်ရင်းမှူးရဲ့ အနီးကပ်လူယုံအဖြစ် တာဝန်ယူရတဲ့အခြေအနေမှာ အခွင့်အရေးရလာတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တပ်တွင်းက ထွက်ပြေးပြီး ပြန်မိတဲ့သူ ၂ဦးကို ဇွန်လ ၂၅ရက်မှာ သတ်ဖြတ်မယ်လို့ သတင်းကြားလို့ သတ်ခံရမယ့်သူ ၂ဦးကို ကယ်ထုတ်ဖို့နဲ့ တပ်ရင်းမှူးကို လုပ်ကြံဖို့ အစီအစဉ်ချမှတ်ခဲ့တာလို့ ရှင်းပြပါတယ်။

” ကျနော်က ၂၁ရက်နေ့ညကို ဒီကောင်တွေ ကယ်ထုတ်မယ်။ တပ်ရင်းမှူးကိုပါ တခါတည်းအပြတ်ရှင်းမယ်ဆိုပြီး အဲဒီလို စီစဉ်ခဲ့တာ” လို့ စစ်မှုထမ်း သင်တန်းဆင်းရဲဘော်က ပြောပါတယ်။

ဒီလိုလုပ်ဆောင်ဖို့ စိုးရိမ်ခဲ့ကြောင်းအထူးသဖြင့် အတူလိုက်မယ့် သူတွေကို စစ်တပ်က ပြန်မိမှာ စိုးရိမ်ခြင်းဖြစ်ကြောင်း ပြောပြပါတယ်။

“ ကျနော့်အတွက် ကတော့ အရမ်းကြီးမစိုးရိမ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော့်မှာ သေနတ်ရှိတယ် ကျည်လည်းအပြည့်ဘဲဆိုတော့ ကျနော်တို့ တပ်ရင်းမှူးကို သတ်နေတဲ့အချိန်မှာ အထုပ်အပိုးတွေနဲ့ ပြင်ဆင်နေတဲ့အချိန်မှာ ကျနော်တို့က ပစ်ဖို့က အဆင့်သင့်။ သေမှာလည်းကျနော် မကြောက်တော့ဘူး အဓိကတော့ ကျနော်လွတ်မြောက်ချင်တာ အဲဒီစိတ်နဲ့ ကြိုးစားလိုက်တာ အဆင်ပြေသွားတယ်” လို့ စစ်မှုထမ်း သင်တန်းဆင်းရဲဘော်က ပြောပါတယ်။

စစ်တပ်ထဲက လွတ်မြောက်လာပြီး တော်လှန်ရေးဘက်ရောက်လာချိန် နွေးနွေးထွေးထွေး ကြိုဆိုကြတယ်လို့လည်း သူက ပြောပြပါတယ်။

” အဓမ္မ အဆွဲခံရတဲ့ ပစတွေပေါ့ ကျန်ခဲ့တဲ့ ညီအကိုတွေ သန္ဓေတွေရော ကျနော်တို့လိုပဲ လုပ်ကြည်ပါ မကြောက်နဲ့ လို့။ ကိုယ့်မှာလည်းသေနတ်ရှိတာပဲလေ။ ကျနော်တို့လို လုပ်ကြည့်ပါ အဆင်ပြေသွားလိမ့်မယ်” လို့လည်း စစ်မှုထမ်း သင်တန်းဆင်းရဲဘော်က စစ်တပ်တွင်း ကျန်နေသူတွေကို တိုက်တွန်းပါတယ်။

ဒါ့အပြင် တော်လှန်ရေးညီအကိုတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင် မယ်လို့လည်း ပြောပါတယ်။

“ပစက အများကြီးပဲ။သူတို့မှာက တပ်သားဟောင်းတွေ သန္ဓေတွေ နည်းနည်းလေးပဲရှိတယ်။ အဲဒါကို ကျနော်တို့က ဒီကောင်တွေကို အလွယ်တကူ ချုပ်နှောင်လို့ရတယ် သတ်ပစ်လိုက်လို့ရတယ်။” လို့လည်း စစ်တပ် တပ်တွင်း လက်ရှိ အခြေအနေကို ရှင်းပြပြီး စစ်တပ်က ရုန်းထွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကရင်ပြည်နယ် ဖာပွန်ဒေသအပါအဝင် နိုင်ငံတဝန်း နယ်မြေဆုံးရှုံးထားတဲ့ နေရာတွေ ပြန်သိမ်းပိုက်နိုင်ဖို့ စစ်မှုထမ်း တပ်သားသစ်တွေရဲ့ အသက်ကို စတေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်း တပ်သားသစ်တွေကို အသေခံတိုက်ပွဲဝင်ခိုင်းတာ၊ မူးယစ်ဆေးတွေသုံးခိုင်းပြီး တိုက်ပွဲဝင်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီတပ်တွင်းက ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက ပြောထားပါတယ်။

KNLAနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ Force for Federal Democracy-FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က အခုလို အလင်းဝင်လာတဲ့ ရဲဘော်တွေ တော်လှန်ရေးဘက် ပြောင်းလာတဲ့ လူငယ်တွေအတွက် ဂုဏ်ယူကြောင်း ပြောပါတယ်။

“ အဲဒီဟာတင်မဟုတ်ဘဲနဲ့ တကယ့် စစ်ရေးအရ အရေးပါတဲ့ ရန်သူ့ဘက်က တာဝန်ယူထားတဲ့ သူတယောက်ကိုပါ လုပ်ကြံနိုင်ခဲ့တယ်ဆိုတော့ ဒါဟာ တော်တော်ရဲရင့်တဲ့ လုပ်ရပ်၊ တော်တော်လည်း ကြိုးစားပြီးတော့ စွန့်စွန့်စားစား လုပ်ခဲ့တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ကြားရတာ ဝမ်းလည်းဝမ်းသာတယ်။ စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်။ ဒီလူငယ်တွေရဲ့ ရဲစွမ်းသတ္တိကိုလည်း အရမ်းချီးကျူးပါတယ်” လို့ ကိုအောင်အောင်က ပြောပါတယ်။

အခု တပ်ရင်းမှူးကို လုပ်ကြံပြီး အလင်းဝင်လာတဲ့ စစ်မှုထမ်ူတပ်သား အရေအတွက်နဲ့ လက်နက်ခဲယမ်း အရေအတွက်မှာ များပြားကြောင်း အသိပေးပြီး အရေအတွက် အသေးစိတ်ကို စစ်ရေးလုံခြုံရေးအရ ထုတ်ပြန်ဖို့ မရှိသေးဟု ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။