ခါကာဘို ရေးသားသည်။
“မြန်မာနိုင်ငံကိုပြန်ပို့တာထက်မလေးရှားမှာပဲကျနော်တို့ကိုသတ်ပစ်လိုက်တာကမှပိုကောင်းပါသေးတယ်”
ပြန်ပို့ခံရမည့်သူတွေအတွက်’အိမ်ပြန်ခြင်း’
ဟာဘာကြောင့်သေဒဏ်တစ်ခုလို ဖြစ်နေသလဲ?

Public Service Announcement
ဒီစကားဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ခိုလှုံနေရတဲ့ အသက် ၂၅နှစ်အရွယ် ရိုဟင်ဂျာလူငယ် မိုဟာမက်ရဲ့ ဖမ်းဆီးခံထားရတဲ့သူ့အစ်ကိုအတွက်စိုးရိမ်ပူပန်လွန်းလို့ ပြောတဲ့ ရင်ထဲကစကားပါ။မလေးရှားထိန်းသိမ်းရေးစခန်းထဲ ရောက်နေတဲ့ အစ်ကိုဖြစ်သူသာ မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် စစ်တပ်ရဲ့ ရှေ့တန်းစစ် မြေပြင်မှာ အသက်စွန့် တိုက်ခိုက်ခိုင်းခံရပြီးအသက်ရှင်စရာလမ်းမရှိဘူးဆိုတာကို သူ အသေအချာ သိနေလို့ပါ။
အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။
မလေးရှားကလူတချို့အတွက်တော့ “တရားမဝင်နေထိုင်သူဆိုရင်ပြန်ပို့တာ သဘာဝပဲ” လို့ ထင်နိုင်ပါတယ်။ဒါပေမယ့်ဒီလူတွေဘာကြောင့် မြန်မာနိုင်ငံကနေ အသက်စွန့် ထွက်ပြေးခဲ့ကြတာလဲ ဆိုတာကို ပြန်ကြည့်လိုက်ရင်၊ ဒီကိစ္စဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတစ်ခုတည်းမဟုတ်ဘဲ အသက်ရှင်သန်ဖို့နောက်ဆုံးရွေးချယ်ခဲ့ရတဲ့အခြေအနေတစ်ခုဖြစ်ကြောင်းနားလည်လာနိုင်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရိုဟင်ဂျာလူငယ်မူဟီဒူဇာမန်ဟာ ဘာသာရေးဖိနှိပ်မှုနဲ့ ပြည်တွင်းစစ်ကို ရှောင်ဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ လေးလကြာ ကုန်းလမ်း၊ ရေလမ်းခရီးကြမ်းတွေကိုသေမင်းနဲ့စိန်ခေါ် ဖြတ်ကျော်ပြီးမှ မလေးရှားကို ခက်ခက်ခဲခဲ ရောက်လာခဲ့တာပါ။
သူဟာ ရောက်ရောက်ချင်း စပါးစိုက်ခင်းတွေမှာအလုပ်လုပ်ရင်း ရုန်းကန်နေထိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်းUNHCRမှာသွားရောက်မှတ်ပုံတင်ပြီးအကာအကွယ်တောင်းဖို့စောင့်ဆိုင်း နေချိန်မှာပဲတရားမဝင်နေထိုင်သူအဖြစ် ဇွန်လအတွင်းမှာ အဖမ်းခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းကို ပို့ခံလိုက်ရပါတယ်။
သူ့လိုလူတွေအများကြီးရှိပါတယ်။သူတို့ဟာ ဥပဒေကိုရှောင်ဖို့ထွက်လာတာမဟုတ်ဘဲ၊ အသက်ရှင်ဖို့ ထွက်လာကြသူတွေပါ။
အခုသူတို့အကြောက်ဆုံးအရာက မလေးရှားထောင်မဟုတ်ပါဘူး။မြန်မာနိုင်ငံကိုပြန်ရောကသွားရင် ဘာဖြစ်မလဲဆိုတာပါ။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး အာဏာသိမ်းမြန်မာစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ်တိုင်းဟာ သတ်မှတ်ချက်အရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရနိုင်တဲ့အခြေအနေဖြစ်လာပါတယ်။ဒါကြောင့် ပြန်ပို့ခံရတဲ့လူငယ်တွေအတွက်”အိမ်ပြန်ရမယ်”ဆိုတာဟာ”စစ်ထဲရောက်သွားနိုင်တယ်”ဆိုတဲ့ အန္တရာယ်နဲ့ နီးကပ်စွာ ဆက်နွယ်နေပါတယ်။
မိုဟာမက်က ထိမ်းသိမ်းရေးစခန်မှာရောက်နေတဲ့သူ့အစ်ကိုအကြောင်းပြောတဲ့အခါ “ပြန်ပို့ခံရရင် ရှေ့တန်းကို ပို့ခံရပြီး အသတ်ခံရလိမ့်မယ်”လို့ ပြောပါတယ်။ဒါဟာအထောက်အထားမဲ့ကောလာဟလတစ်ခုလို့သူတို့ မမြင်ပါဘူး။လက်ရှိ မြန်မာနိုင်ငံရဲ့စစ်ရေးအခြေအနေ၊ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှုတွေကို ကြည့်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်အဖြစ် မြင်နေကြတာပါ။
မလေးရှားရောက် ရိုဟင်ဂျာတွေဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ခြေကို စိုးရိမ် နေကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရတဲ့ လူနည်းစုဖြစ်ပြီး၊ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ကလည်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီလို အခြေအနေမှာ ရိုဟင်ဂျာတစ်ဦးကို မြန်မာနိုင်ငံ ပြန်ပို့ခြင်းဟာ သူ့ကို အသက်အန္တရာယ် ပြုခံရစေမယ့် နေရာကို ပို့လိုက်တဲ့လုပ်ရပ်အဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက ရှုမြင်ကြပါတယ်။
ဒါကြောင့်ပဲ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက မလေးရှားအစိုးရကို “မြန်မာနိုင်ငံလို အန္တရာယ်ကင်းရှင်းမှုမရှိသေးတဲ့ ပဋိပက္ခဇုန်ကို ပြန်လည်ပို့ဆောင်ခြင်းက Non-Refoulement လို့ခေါ်တဲ့ နိုင်ငံတကာ ဒုက္ခသည်ကာကွယ်ရေးအခြေခံမူကို ချိုးဖောက်ရာရောက်ကြောင်း” ထောက်ပြနေကြတာ ဖြစ်ပါတယ်။
မလေးရှားဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ကွန်ဗင်းရှင်း (1951 Refugee Convention) ကို လက်မှတ် ရေးထိုးမထားပေမယ့် လူသားချင်းစာနာမှုနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေကို ထည့်သွင်းစဉ်းစားဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။
ဒီကိစ္စဟာ ရွှေ့ပြောင်းလုပ်သားပြဿနာတစ်ခုတည်း မဟုတ်တော့ပါဘူး။”ပြန်ပို့မှာလား၊ အသက်ကယ်ပေးမလား” ဆိုတဲ့ လမ်းနှစ်ခုကြားမှာ မလေးရှားအစိုးရအတွက် လူသားတန်ဖိုး၊တာဝန်ယူမှုနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နှလုံးသားကို စမ်းသပ်နေတဲ့ အခြေအနေတစ်ခုဖြစ်လာပါတယ်။
ဒီအဖြစ်အပျက်ဟာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ တရားဝင်မှု၊ စာရွက်စာတမ်းအခြေအနေထက်ကျော်လွန်ပြီးအသက်အန္တရာယ်နဲ့ ဆက်နွယ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စတစ်ရပ် ဖြစ်ပါတယ်။ သူတို့ဟာ ပိုမိုကောင်းမွန်တဲ့ဘဝကိုရှာဖွေဖို့ ထွက်လာသူတွေမဟုတ်ပဲ၊ အသက်ရှင်ခွင့်ရဖို့ နောက်ဆုံးမျှော်လင့်ချက်နဲ့ နေရပ်စွန့်ခွာလာကြရသူတွေပါ။
ဖြစ်လာနိုင်တဲ့ မိမိတို့ရဲ့ကံကြမ္မာဆိုးအတွက် ကြောက်ရွံ့နေကြတဲ့ ဒီလူတွေရဲ့အသံကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေရဲ့အသံအဖြစ်မဟုတ်ဘဲ၊အသက်အန္ရာယ်ကြောင့် အကူအညီတောင်းနေတဲ့ လူသားတွေရဲ့အသံအဖြစ်နားထောင်ပေးသင့်ပါတယ်။
အထူးသဖြင့် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးများအနေနဲ့ သူတို့ကို အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ ပြန်ပို့ခြင်းထက်၊ လုံခြုံမှု၊ တရားမျှတမှုနဲ့ လူသားဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေပေးဖို့ လိုအပ်နေပါတယ်။ တစ်ခါတရံ လူတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့လူသားဆန်မှုကိုတိုင်းတာတဲ့အရေးကြီးဆုံး အမှတ်အသားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ။
ကိုးကား – The New York Times


















































