ခွန်းနီ
ဒီနေ့ပြီးရင်
ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာ
ညဆိုရင်လည်း
လကတစ်ခြမ်းပဲ သာတော့တယ်
အဝေးကြီးကနေရာကို
အဝေးကကြည့်နေရတာ
ဘယ်သူပျော်မလဲ။
အမှောင်ထုထဲ
အရောင်တွေကလည်း ဖျော့နေလိုက်တာ
စိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူး
ငါဟာညတိုင်း အိမ်ပြန်လာနေကျ
အိမ်ရှေ့က သရက်ပင်ကြီးအောက်
အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။
အမေ့ရဲ့ဆူငေါက်သံ
အဖေ့ရဲ့ကြိမ်းဝါးသံ
နောက်ပြီး တံခါးထဖွင့်ပေးသံ
အဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေ
အခုတော့အရိပ်ယောင်ဆောင်ထားတဲ့
အတိတ်တွေပဲ ငါပြန်ရတော့တယ်။

Public Service Announcement
စောက်စနစ်ကဆိုးဝါးတော့
ငါတို့လူငယ်တွေဟာ
စစ်ကြီးထဲလုံးလားထွေးလားပေါ့။
ပင်ပင်ပန်းပန်းသင်ယူရ
ကျိုးကျိုးနွံနွံဆည်းပူးရ
ခက်ခက်ခဲခဲတည်ဆောက်ရ
အပူတပြင်းအသားကျရ
မောကြီးပန်းကြီးရှေ့ဆက်ရ
မနိူင်မနင်းထမ်းပိုးခဲ့ရ
စနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရ
အတူတူချီတက်ရင်း
တချို့သူငယ်ချင်းတွေ
လွယ်လွယ်ကူကူသေပေးလိုက်ရ။
ဒီစစ်ကြီးထဲမယ်
ရှင်ကျန်နေတဲ့ကောင်တွေအဖို့
နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။
ဆိုလိုရင်းကိုပြန်ဆက်ရရင်
အိမ်ပြန်ဖို့ဆိုတဲ့အသိက
လူငယ်တွေအားလုံးမှာရှိတယ်။
အတွေးတွေနဲ့ပိလာတဲ့ညဟာ
မိုးလင်းသွားပေမဲ့
အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။
အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာ
နေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိ
ငါနဲ့အတူရှိနေတယ် ၊၊ ။
(The Call -ခေါ်သံ “အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရဲ့ “အားလုံးကိုကျော်ဖြတ်ရမယ်နဲ့ငါ့ညတွေကိုကျော်ဖြတ်ခဲ့တယ်”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































