Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ မြန်မာဖူဆယ်ကလပ်က လူငယ်ကစားသမား ၂ဦး ပျောက်နေပြန်

ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Gold Dream FC

သြဂုတ် ၃၀၊၂၀၂၆။သုည/People’s Spring

ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ကစားသမား ၂ဦးဟာ MFF Futsal League (1) မှာ ကစားနေတဲ့ အသက် ၂၁ နှစ်အရွယ် သီဟအောင်နဲ့ MFF U19 Youth Futsal League မှာ ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် စွမ်းထက်ကျော်တို့ ဖြစ်ကြပါတယ်။

၎င်းတို့ နှစ်ဦးဟာ သြဂုတ် ၁၉ ရက်က နေ့လည် ၃ နာရီမှာ Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပြီး သုဝဏ္ဏဘောလုံးကွင်းကနေ အတူပြန်လာရာ မြောက်ဒဂုံ (၅၀)ကွေ့ရောက်တဲ့အထိ အဆက်အသွယ်ရခဲ့ပေမယ့် နောက်ပိုင်း သြဂုတ် ၂၉ ရက်အထိ ၁၀ ရက်ကြာ အဆက်အသွယ်ပြတ်နေတယ်လို့ အသင်းက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ကလေးနှစ်ယောက်က အဲ့နေ့မနက်က ယူ၁၉ ဖူဆယ်ပွဲ ကစားပြီးတော့ သုဂဏ္ဏကနေ မြောက်ဒဂုံအဆောင်ကို YBS နဲ့ ပြန်ကြတာပါ။ မြောက်ဒဂုံ (၅၀) ကွေ့နားအထိ အသင်းနဲ့ ဖုန်းအဆက်အသွယ်ရသေးတယ်။ အဲ့နောက်ပိုင်းမှ ဖုန်းပါဆက်မရဘူး ဖြစ်တာပါ။ အချိန်ကလဲ အရမ်းမိုးမချုပ်သေးလောက်ဘူး ၅ နာရီကျော်လောက်ပဲ ရှိဦးမယ်” လို့ အသင်းနဲ့ သက်ဆိုင်သူတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ လူငယ်ကစားသမား ၂ဦးကို အစွမ်းကုန်ကြိုးစားရှာဖွေခြင်း၊ သက်ဆိုင်ရာသို့ လူပျောက်အမှုဖွင့်တိုင်ကြားခြင်းနဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို တိုင်ကြားထားကြောင်းGold Dream FCအသင်းကဆိုပါတယ်။

ယင်းလူငယ်ကစားသမား ၂ဦးမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့နေပြည်သူအချို့ကမှတ်ချက်ပြုပါတယ်။

“ရန်ကုန်က မလုံခြုံတော့ဘူး။ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ စတဲ့ ရပ်ကွက်အစွန်အဖျားတွေမှာ ပေါ်တာဆွဲခံရတာတွေ ခဏခဏကြုံရတယ်။ လိုက်ထုတ်လို့မီသေးရင် ပိုက်ဆံနဲ့ ထုတ်လို့ရတယ်။ မမီရင်တော့ စစ်တပ်ထဲ ပို့ပစ်တာပဲ။ ဒါ့ကြောင်လည်း လူငယ်အများစုက ပြည်ပနိုင်ငံတွေ ထွက်ဖို့ပဲ ကြိုးစားနေကြတာပါ” လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ယင်းလူငယ်ကစားသမား ၂ဦးကို တွေ့ရှိသူ ၊၎င်းတို့နဲ့ ပက်သက်တဲ့ သတင်းအချက်အလက် ကြားသိခဲ့ပါက အသင်းကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါဖို့လည်း Gold Dream FC က မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ မြန်မာလိဂ်ကလပ် ချင်းလန်းအက်ဖ်စီက ကစားသမား Pa Lungဟာ တပတ်ကြာ အသင်းနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး သြဂုတ်၂၉ ရက်မှပြန်လည်ရှာတွေ့ခဲ့ကြောင်း ချင်းလန်းအသင်းက အသိပေးထားပါတယ်။

ဒါ​ပေမယ့် သူ့ကို လူတစ်စုကဖမ်း​ခေါ်သွားတာဖြစ်ပြီး ​နေပြည်​တော်အမြန်လမ်းဘက်က​နေ ပြန်​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်သူအချို့က​ပြောပါတယ် ။

ချင်းလန်းအက်ဖ်စီက ကစားသမား Pa Lung ဟာလည်း စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတာ ဖြစ်နိုင်ပြီး အသင်းက ပြန်လည်ခေါ်ထုတ်ခဲ့တာလို့ လူမှုကွန်ရက်သုံးစွဲသူတွေက ရေးသားနေကြပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်က​ပေါ်တာဆွဲတာကို ပျူ​စောထီး​တွေ၊လူမိုက်​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ၊ရဲနဲ့စစ်သား​တွေက အဓိကလုပ်​နေကြတာဖြစ်ပါတယ်။​ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစု​ဆောင်းရသူ​​တွေကို ပြန်လည်​ရောင်းချတဲ့​ဈေးကွက်လည်းရှိ​နေပြီး ကျပ်သိန်းဆယ်ဂဏန်းက​နေ၊သိန်းရာနဲ့ချီပြီးအထိ ရှိ​နေတယ်လို့စုံစမ်းသိရပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့်စက်တင်ဘာမှာပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်တပ်က စစ်သားသစ်​တွေကိုသာအဓိကအသုံးပြု​​နေပြီး​သေဆုံဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ​တွေလည်းများ​နေပါတယ်။ဒါ​ကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာ​တွေ စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ ပိုမိုပြုလုပ်​နေပါတယ် ။ဒါ​ကြောင့်​တော်လှန်​ရေးတပ်​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်သတိပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ပြည်သူ​တွေကိုတိုက်တွန်းထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook