သြဂုတ် ၃၀၊၂၀၂၆။သုည/People’s Spring
ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ကစားသမား ၂ဦးဟာ MFF Futsal League (1) မှာ ကစားနေတဲ့ အသက် ၂၁ နှစ်အရွယ် သီဟအောင်နဲ့ MFF U19 Youth Futsal League မှာ ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် စွမ်းထက်ကျော်တို့ ဖြစ်ကြပါတယ်။
၎င်းတို့ နှစ်ဦးဟာ သြဂုတ် ၁၉ ရက်က နေ့လည် ၃ နာရီမှာ Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပြီး သုဝဏ္ဏဘောလုံးကွင်းကနေ အတူပြန်လာရာ မြောက်ဒဂုံ (၅၀)ကွေ့ရောက်တဲ့အထိ အဆက်အသွယ်ရခဲ့ပေမယ့် နောက်ပိုင်း သြဂုတ် ၂၉ ရက်အထိ ၁၀ ရက်ကြာ အဆက်အသွယ်ပြတ်နေတယ်လို့ အသင်းက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
“ကလေးနှစ်ယောက်က အဲ့နေ့မနက်က ယူ၁၉ ဖူဆယ်ပွဲ ကစားပြီးတော့ သုဂဏ္ဏကနေ မြောက်ဒဂုံအဆောင်ကို YBS နဲ့ ပြန်ကြတာပါ။ မြောက်ဒဂုံ (၅၀) ကွေ့နားအထိ အသင်းနဲ့ ဖုန်းအဆက်အသွယ်ရသေးတယ်။ အဲ့နောက်ပိုင်းမှ ဖုန်းပါဆက်မရဘူး ဖြစ်တာပါ။ အချိန်ကလဲ အရမ်းမိုးမချုပ်သေးလောက်ဘူး ၅ နာရီကျော်လောက်ပဲ ရှိဦးမယ်” လို့ အသင်းနဲ့ သက်ဆိုင်သူတစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ လူငယ်ကစားသမား ၂ဦးကို အစွမ်းကုန်ကြိုးစားရှာဖွေခြင်း၊ သက်ဆိုင်ရာသို့ လူပျောက်အမှုဖွင့်တိုင်ကြားခြင်းနဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို တိုင်ကြားထားကြောင်းGold Dream FCအသင်းကဆိုပါတယ်။
ယင်းလူငယ်ကစားသမား ၂ဦးမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့နေပြည်သူအချို့ကမှတ်ချက်ပြုပါတယ်။
“ရန်ကုန်က မလုံခြုံတော့ဘူး။ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ စတဲ့ ရပ်ကွက်အစွန်အဖျားတွေမှာ ပေါ်တာဆွဲခံရတာတွေ ခဏခဏကြုံရတယ်။ လိုက်ထုတ်လို့မီသေးရင် ပိုက်ဆံနဲ့ ထုတ်လို့ရတယ်။ မမီရင်တော့ စစ်တပ်ထဲ ပို့ပစ်တာပဲ။ ဒါ့ကြောင်လည်း လူငယ်အများစုက ပြည်ပနိုင်ငံတွေ ထွက်ဖို့ပဲ ကြိုးစားနေကြတာပါ” လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ယင်းလူငယ်ကစားသမား ၂ဦးကို တွေ့ရှိသူ ၊၎င်းတို့နဲ့ ပက်သက်တဲ့ သတင်းအချက်အလက် ကြားသိခဲ့ပါက အသင်းကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါဖို့လည်း Gold Dream FC က မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ မြန်မာလိဂ်ကလပ် ချင်းလန်းအက်ဖ်စီက ကစားသမား Pa Lungဟာ တပတ်ကြာ အသင်းနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး သြဂုတ်၂၉ ရက်မှပြန်လည်ရှာတွေ့ခဲ့ကြောင်း ချင်းလန်းအသင်းက အသိပေးထားပါတယ်။
ဒါပေမယ့် သူ့ကို လူတစ်စုကဖမ်းခေါ်သွားတာဖြစ်ပြီး နေပြည်တော်အမြန်လမ်းဘက်ကနေ ပြန်ခေါ်ခဲ့ရတာဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်သူအချို့ကပြောပါတယ် ။
ချင်းလန်းအက်ဖ်စီက ကစားသမား Pa Lung ဟာလည်း စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတာ ဖြစ်နိုင်ပြီး အသင်းက ပြန်လည်ခေါ်ထုတ်ခဲ့တာလို့ လူမှုကွန်ရက်သုံးစွဲသူတွေက ရေးသားနေကြပါတယ်။
ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်ကပေါ်တာဆွဲတာကို ပျူစောထီးတွေ၊လူမိုက်တွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ၊ရဲနဲ့စစ်သားတွေက အဓိကလုပ်နေကြတာဖြစ်ပါတယ်။ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစုဆောင်းရသူတွေကို ပြန်လည်ရောင်းချတဲ့ဈေးကွက်လည်းရှိနေပြီး ကျပ်သိန်းဆယ်ဂဏန်းကနေ၊သိန်းရာနဲ့ချီပြီးအထိ ရှိနေတယ်လို့စုံစမ်းသိရပါတယ် ။
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့်စက်တင်ဘာမှာပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်သားသစ်တွေကိုသာအဓိကအသုံးပြုနေပြီးသေဆုံဒဏ်ရာရသူ ၊ထွက်ပြေးသူ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူတွေလည်းများနေပါတယ်။ဒါကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာတွေ စစ်တပ်ထိန်းချုပ်ဒေသတွေမှာ ပိုမိုပြုလုပ်နေပါတယ် ။ဒါကြောင့်တော်လှန်ရေးတပ်တွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင်သတိပြုပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့ ပြည်သူတွေကိုတိုက်တွန်းထားပါတယ် ။


















































