Connect with us

Hi, what are you looking for?

အတွေးအမြင်

အဂတိများနှင့် မြန်မာ

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

ကိုသုညံ​ရေးသားသည်။

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

တိုင်းပြည်၏ ဘဏ္ဍာငွေကြေးနှင့် သယံဇာတအရင်းအမြစ်များကို ပြည်သူ့အကျိုးအတွက် အသုံးချရမည့်အစားအာဏာကိုအလွဲသုံးစားလုပ်ကာကိုယ်ကျိုးရှာကြီးပွားနေကြသည့် အုပ်စိုးသူလူတန်းစားတစ်ရပ်ကြောင့် နိုင်ငံသည် အစစအရာရာ ခြွတ်ခြုံကျနေပါသည်။

တိုင်းပြည်၏ စီးပွားရေးအရင်းအမြစ်များနှင့် အခွင့်အလမ်းများကို ခွဲဝေရာတွင်တရားမျှတမှုမရှိခြင်း၊ အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာဖွေခြင်းတို့သည်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ်နှောင့်နှေးစေသည့် အဓိကအကြောင်းရင်းများ ဖြစ်နေပါသည်။

Public Service Announcement

Public Service Announcement

လက်ရှိမြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်ဘက်ဆိုင်ရာ အရာရှိငယ်များနှင့် အရပ်ဘက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြသည့် စစ်သားဟောင်း မိုးကျရွှေကိုယ်များ၊ ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များကို ကြည့်လျှင် အများစုသည် သာမန်အခြေအနေထက် ပိုမိုချမ်းသာနေကြသူများသာ များနေမည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

စစ်တပ်အတွင်း အထူးသဖြင့် ဗိုလ်မှူးအဆင့်နှင့်အထက်ရာထူးများတွင်တာဝန်ထမ်းဆောင်နေသူများသည် လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်အမျိုးမျိုးကိုအသုံးပြု၍ကုမ္ပဏီကြီးများ၊ လုပ်ငန်းများ၊ အိမ်ခြံမြေတိုက်တာများ၊ ကားအကောင်းစားများကိုမတန်မရာပိုင်ဆိုင်နေကြသည်။

ထို့အပြင် စစ်တပ်မှ အငြိမ်းစားယူပြီး အခြားသော အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့လာကြသည့် အရာရှိများသည်လည်း ရာထူးကြီးငယ်အလိုက် အခွင့်အလမ်းကောင်းများကို ဆက်လက်ရယူကာ ချမ်းသာကြွယ်ဝနေကြပါသည်။

နိုင်ငံ၏ အမြင့်ဆုံးရာထူးဖြစ်သည့် နိုင်ငံတော်သမ္မတ၏လစာသည်ကျပ်သိန်း ၅၀(ဒေါ်လာ ၁၁၀၀ ခန့်)၊ စစ်တပ်၏အမြင့်ဆုံးရာထူးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လစာသည် ကျပ်သိန်း ၃၀ (ဒေါ်လာ ၇၀၀ ခန့်)၊ ဗိုလ်ချုပ်တစ်ဦး၏ လစာသည် ကျပ်သိန်း ၂၀ (ဒေါ်လာ ၄၅၀ ခန့်)၊အရပ်ဘက်ညွှန်ကြားရေးမှူးချုပ်တစ်ဦး၏လစာသည်ကျပ် ၅ သိန်းဖြစ်ကြသည်။

ထိုလစာဝင်ငွေများဖြင့် သူဌေးသူကြွယ်များ ဖြစ်နေသည်မှာ ဘာကြောင့်လဲဟုမေးခွန်းထုတ်စရာမလိုပါ။

မိဘအမွေလည်းမရ၊ ထီလည်းမပေါက်၊ မျိုးရိုးစဉ်ဆက် ချမ်းသာခြင်းလည်းမရှိဘဲ ဝန်ထမ်းဘဝ တရားဝင်ရှိသည့်လစာနှင့် လက်ရှိပိုင်ဆိုင်မှု၊ သုံးစွဲမှု မမျှတသည်များကို ကြည့်ခြင်းအားဖြင့် မည်သို့မည်ပုံ ချမ်းသာနေကြသည်ကို သိနိုင်ပါသည်။

လုပ်ပိုင်ခွင့်ရာထူးကို အသုံးချပြီးအဂတိလိုက်စားခြင်းကြောင့်သာ ဖြစ်ပါသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားနှင့် ဘီလာရုစ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ဇွတ်သမ္မတလုပ်နေသူ မင်းအောင်လှိုင်သည် ဘီလာရုစ်သမ္မတနှင့်တွေ့ဆုံစဉ် နာမည်ကျော်ဘရန်းဖြစ်သည့် LV အမှတ်တံဆိပ် Loafer ဖိနပ်ကို ဝတ်ဆင်ခဲ့ပါသည်။ထိုဖိနပ်သည် မြန်မာငွေဖြင့် အနည်းဆုံး ကျပ်သိန်း ၅၀ ရှိပါသည်။

ဆိုရှယ်မီဒီယာများပေါ်တွင် ဝါဒဖြန့်ချိရေးများ လုပ်နေကြသည့် မင်းကင်းမောင်မြင့်နှင့် ဘူးလက်လှဆွေတို့သည် နာမည်ကျော်အမှတ်တံဆိပ်များဖြစ်သည့် DAKS၊ HUGO BOSS တို့လို အဝတ်အထည်များကို မကြာမကြာ ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။ ၎င်းတို့သည် စစ်တပ်အရာရှိအငြိမ်းစားများဖြစ်ကြပြီး ထိုကဲ့သို့ မကြာမကြာ တန်ဖိုးကြီးအမှတ်တံဆိပ်ပစ္စည်းများကို ထည်လဲသုံးစွဲနိုင်ခြင်းသည် အဘယ်ကြောင့်ဟု မေးခွန်းထုတ်စရာမလိုပေ။

ထိုကဲ့သို့သော အခွင့်ထူးခံလူတန်းစားတစ်ရပ် ပေါ်ထွန်းလာခြင်းနှင့်အတူ တစ်ဖက်တွင်မူ သာမန်ပြည်သူလူထု၊ လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစားများသည် အစစအရာရာ ဆင်းရဲမွဲတေငတ်ပြတ်ခြင်းနှင့်အလုပ်လက်မဲ့ပြဿနာများကိုရင်ဆိုင်နေကြရပါသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးမှာ အကြွင်းမဲ့ပျက်စီးကာ ပိုမိုဆိုးရွားလာခဲ့ပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမည့် ဥပဒေစနစ်သည် အာဏာရှင်လက်ပါးစေတို့၏ လက်နက်တစ်ခုသဖွယ် ဖြစ်သွားခဲ့ပါသည်။

ဥပဒေမဲ့ဖမ်းဆီးငွေညှစ်ခြင်းများ၊ ပိုင်ဆိုင်မှုများကို အကြောင်းမဲ့သိမ်းဆည်းခြင်းများနှင့် ရာဇဝတ်မှုများကိုကျူးလွန်သူများကအပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေကြခြင်းတို့မှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် သာဓကများပင် ဖြစ်ပါသည်။

အဆိုပါ စီးပွားရေးမညီမျှမှုများနှင့် အာဏာအလွဲသုံးစားလုပ်မှုများကို ထိန်းကျောင်းကွပ်ကဲရန် တာဝန်ရှိသည့် လွှတ်တော်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့၏ အခန်းကဏ္ဍမှာလည်း လုံးဝအလုပ်မဖြစ်တော့ဘဲ ဖြစ်နေပါသည်။

ပြီးခဲ့သည့် တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အဆိုပါ အခွင့်ထူးခံနိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် ရရှိသည့်လစာနှင့် လက်ရှိသုံးစွဲမှု၊ ပိုင်ဆိုင်မှုပုံစံတို့တွင် မညီမျှမှုများ (အလွန်အကျွံချမ်းသာလာခြင်း သို့မဟုတ် ဝင်ငွေနှင့်မလိုက်ဖက်ဘဲ ပိုင်ဆိုင်မှုများပြားလာခြင်း) ရှိမရှိကို သက်ဆိုင်ရာဌာနများက စနစ်တကျကြပ်မတ်စစ်ဆေးသွားရန် လိုအပ်ကြောင်းပါဝင်သည့် အဆိုတစ်ခုကို တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်လည်း အာဏာရှင်လက်အောက်တွင် ရုပ်ပြအဖွဲ့အစည်းတစ်ခုသာ ဖြစ်နေပြီး အထူးသဖြင့် အာဏာပါဝါကြီးမားသော စစ်ဘက်ဆိုင်ရာအကြီးအကဲများ၏ အဂတိလိုက်စားမှုများကို စုံစမ်းဖော်ထုတ်ရန် လားလားမျှမဝံ့ရဲဘဲ နီးရာဓားကို ကြောက်နေရသည့် အနေအထားတွင်သာ ရှိနေပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုညွှန်းကိန်းများတွင်လည်း မြန်မာနိုင်ငံ၏ ရပ်တည်ချက်သည်ကမ္ဘာ့အဆိုးရွားဆုံးစာရင်းများအတွင်း၌သာ ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါသည်။ ယခုနှစ်စောပိုင်းက ထုတ်ပြန်ခဲ့သည့် Corruption Perceptions Index 2025 တွင် မြန်မာ၏ အဂတိညွှန်းကိန်းအဆင့်သည် နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် ၁၆၉ အဆင့်တွင် ရပ်တည်ခဲ့ပါသည်။

ဤကဲ့သို့သော လုပ်ပိုင်ခွင့်ရာထူးကို အသုံးချပြီး အဂတိလိုက်စားခြင်းများသည် ထုနှင့်ထည်နှင့် ခိုင်မြဲစွာ အမြစ်တွယ်နေပြီဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ရန် အလွန်ခက်ခဲပါသည်။ အာဏာရှင်စနစ်အောက်က ယိုယွင်းပျက်စီးနေသည့် ယန္တရားကို ပြုပြင်ရှင်းလင်းရန် တစ်ခုတည်းသောလမ်းစဥ်ရှိပါသည်။၎င်းမှာ အာဏာရှင်ကို ဖယ်ရှားပစ်ရန်ပင်ဖြစ်ပါသည်။

ပြည်သူကိုမျက်နှာမူသော စစ်မှန်သည့် တရားမျှတသောနိုင်ငံကို တည်ဆောက်နိုင်ရန်အတွက် လက်ရှိအာဏာရှင်စနစ်ကိုအပြီးတိုင်တွန်းလှန်ဖယ်ရှားရေးမှတစ်ပါး အခြားသောရွေးချယ်စရာလမ်းစဉ်မရှိတော့​ပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော