ဥဂ္ဂါ ရေးသားသည်။
စစ်ကောင်စီရဲ့ ရှင်သန်နိုင်စွမ်းကို ထောက်ပံ့ပေးနေတဲ့ အဓိကအသက်သွေးကြောဟာ နိုင်ငံခြားငွေကြေးစီးဆင်းမှု ဖြစ်ပါတယ်။ ရုရှား၊ တရုတ်နဲ့ အီရန်တို့ထံမှ လက်နက်ဝယ်ယူနိုင်ဖို့ အားကိုးနေရတဲ့ ဒီငွေကြေးလမ်းကြောင်းကို ထိန်းချုပ်ကန့်သတ်နိုင်မယ်ဆိုရင် စစ်ကောင်စီရဲ့ စစ်ဆင်ရေးစွမ်းရည်နဲ့ အုပ်ချုပ်နိုင်စွမ်းကို အကြီးအကျယ် ထိခိုက်ပြိုလဲစေနိုင်တယ်လို့ ဒန်ဆွစ်ဖ်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြံပေးဟောင်း၊ စီးပွားရေးပညာရှင် ရှောင်တာနဲလ်တို့က ဝါရှင်တန်ပို့စ် ပါ “The FATF could collapse Myanmar’s regime” ဆောင်းပါးမှာ ထောက်ပြထားပါတယ်။
အဆိုပါဆောင်းပါးမှာ ငွေကြေးစီးဆင်းမှုတွေကို ထိရောက်စွာ ကန့်သတ်နိုင်မယ့် အဓိက နိုင်ငံတကာယန္တရားတစ်ခုအဖြစ် ငွေကြေးစနစ်ကို စောင့်ကြည့်ထိန်းချုပ်နေတဲ့ Financial Action Task Force (FATF) ကို ဖော်ပြထားပါတယ်။
အကယ်၍ FATF က ပိုမိုတင်းကျပ်တဲ့ အရေးယူမှုများချမှတ်လာပါက၊အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများ အနေဖြင့် မိမိတို့ရဲ့ အဓိကပြိုင်ဘက်နိုင်ငံများနဲ့ စစ်ကောင်စီကြား နိုင်ငံခြားငွေ စီးဆင်းမှုကို ကန့်သတ်နိုင်မယ့် အခွင့်အရေးတစ်ရပ် ရရှိလာနိုင်တယ်လို့ ဆောင်းပါးက သုံးသပ် ထားပါတယ်။

Public Service Announcement
ကမ္ဘာ့အကြီးဆုံးငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ FATF (Financial Action Task Force) ရဲ့အဖွဲ့ဝင်အမေရိကန်အပါအဝင်နိုင်ငံပေါင်း ၄၀ ဟာလာမယ့်အောက်တိုဘာလ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေအတွက်ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်မလားဆိုတာ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
FATF ဆိုတာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုနဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်တွေ ပျံ့နှံ့ရေးအတွက် ငွေကြေးထောက်ပံ့မှု တွေကို တားဆီးဖို့ နိုင်ငံတကာက ဖွဲ့စည်းထားတဲ့ငွေကြေးစောင့်ကြည့်ရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး သူတို့မှာ စစ်တပ်မရှိသလို အရေးယူပိုင်ခွင့်ကိုလည်း တိုက်ရိုက်အသုံးမပြုနိုင်ပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက် တစ်ခုက ကမ္ဘာတစ်ဝန်း ဘဏ်တွေရဲ့လုပ်ဆောင်ပုံကို ပြောင်းလဲသွားစေနိုင်တဲ့ သြဇာရှိပါတယ်။
ရှောင်တာနဲလ်တို့ရဲ့ ဒီဆောင်းပါးက စစ်အစိုးရရဲ့ အကြီးမားဆုံး အားနည်းချက်တစ်ခုဟာ နိုင်ငံခြားငွေ လိုအပ်ချက် ဖြစ်ပြီး လက်ရှိအချိန်မှာ ဘဏ္ဍာငွေပြတ်လပ်မှု၊ငွေကြေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ရုရှား၊ တရုတ် နဲ့ အီရန်နိုင်ငံတို့ထံမှ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေ(အထူးသဖြင့် အမေရိကန်ဒေါ်လာ)ကိုမဖြစ်မနေလိုအပ်နေကြောင်းထောက်ပြထားပါတယ်။
စစ်အစိုးရအတွက် လက်ရှိအရေးယူမှုတွေကနေ ဆက်လက်ရပ်တည်နိုင်ဘို့ အရေးကြီးဆုံး ကတော့ နိုင်ငံခြားငွေကို စုဆောင်းထားနိုင်ဖို့ပါပဲ။ဒီအတွက်ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေရဲ့ ၂၅ရာခိုင်နှုန်းကို မဖြစ်မနေ အစိုးရသတ်မှတ်ထားတဲ့ မြန်မာဘဏ်များမှ တဆင့်သာ လွှဲခိုင်းတာ၊ ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေဟာ နိုင်ငံခြားငွေ စုဆောင်းဖို့ ကြိုးစားနေတဲ့ နည်းလမ်းတွေလို့ ဆောင်းပါးကဆိုပါတယ်။
တရားဝင်ဘဏ်စနစ်ကိုမသုံးဘဲ ပြည်ပမှ ငွေလွှဲပေးတဲ့ အလွတ်သဘော ကွန်ရက်တစ်ခုဖြစ်တဲ့ ဟွန်ဒီငွေလွှဲစနစ် လုပ်ကိုင်နေသူတွေကို စစ်အစိုးရကဖမ်းဆီးအရေးယူနေတာဟာလည်း ငွေကြေးခဝါချမှုကို တိုက်ဖျက်တာထက် နိုင်ငံခြားငွေတွေကို အစိုးရထိန်းချုပ်တဲ့ ဘဏ်စနစ်ထဲ မဖြစ်မနေ ဝင်လာအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်က ပိုများတယ်လို့ စာရေးသူတွေက သုံးသပ်ထားပါတယ်။
ဒီလိုစစ်အစိုးရက နိုင်ငံခြားငွေစီးဆင်းမှုကို အလွန်အမင်း အားကိုးနေရတဲ့ အခြေအနေမှာပဲ FATF ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါတယ်။ အထူးသဖြင့် FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်းထန်ဆုံးအဆင့်အထိ သတ်မှတ်လိုက်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်လာရင် စစ်အစိုးရအတွက် နိုင်ငံခြားငွေ ရရှိဖို့ ပိုခက်လာမယ်၊ နိုင်ငံတကာ ငွေပေးချေမှုစနစ်ကို အသုံးပြုဖို့ အတားအဆီးတွေ များလာမယ်၊ လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာမယ်၊ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ သုံးသပ်ထားပါတယ်။
ဒီနေရာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တရုတ်က FATF အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရုရှားရဲ့ FATF အဖွဲ့ဝင်အခွင့်အရေးကတော့ ၂၀၂၃ ခုနှစ်ကတည်းက ဆိုင်းငံ့ခံထားရပါတယ်။
တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်အစိုးရရဲ့ အရေးပါဆုံး နိုင်ငံရေးနဲ့ မဟာဗျူဟာမိတ်ဖက်တွေ ဖြစ်နေပေမယ့်၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်အပေါ် မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ သက်ရောက်မှုတွေကို ချိန်ဆရမယ့်အချိန် ရောက်လာရင် မြန်မာစစ်အစိုးရဘက်မှာ အမြဲတမ်း မပြောင်းမလဲ ရပ်တည်ပေးမယ်လို့ အာမခံနိုင်မှာ မဟုတ်ပါ။ အထူးသဖြင့် FATF လို နိုင်ငံတကာ ဘဏ္ဍာရေးစံနှုန်း တွေကို ထိန်းသိမ်းတဲ့ ယန္တရားအတွင်းမှာတော့ မဟာဗျူဟာမိတ်ဖက်ဖြစ်ခြင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လေ့မရှိဘဲ ကိုယ်ပိုင်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကိုသာ ဦးစားပေးတွက်ချက်နိုင်ခြေ ပိုများပါတယ်။
စစ်အစိုးရကလည်း အခြားငွေပေးချေမှုလမ်းကြောင်းများ ရှာဖွေခြင်းနဲ့ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ခြင်းတို့မှတစ်ဆင့် ဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်း လာနိုင်ပါတယ်။
ဒါပေမယ့် ရှောင်တာနဲလ်တို့ ထောက်ပြတဲ့ အဓိကအချက်ကတော့ စစ်အစိုးရဟာ အတိတ်ကာလ တွေမှာ နိုင်ငံတကာစနစ်ရဲ့ အားနည်းချက်တွေကို အသုံးချပြီး ရှင်သန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် FATF ရဲ့ စောင့်ကြည့်မှုအောက်မှာ စာရွက်စာတမ်းပေါ်က ပြုပြင်ပြောင်းလဲမှု တွေကို ပြသနိုင်ခဲ့ပေမယ့်၊ လက်တွေ့မှာတော့ ငွေကြေးခဝါချမှုနဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ထိရောက်စွာ တားဆီးနိုင်ခဲ့ခြင်း မရှိဘူးလို့ သူတို့က ဝေဖန်ထားပါတယ်။
FATF ရဲ့ အကဲဖြတ်မှုမှာလည်း စည်းမျဉ်း၊ ဥပဒေ သတ်မှတ်ချက်များကို စာရွက်ပေါ်တွင် လိုက်နာထားမှု (Technical Compliance) တစ်ခုတည်းမဟုတ်ဘဲ၊ အဲဒီဥပဒေတွေကို လက်တွေ့မှာ ဘယ်လောက်ထိ ထိရောက်စွာ အကောင်အထည်ဖော်နိုင်သလဲဆိုတဲ့ (Effective Implementation) က ပိုအရေးကြီးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အတိတ်က စစ်အစိုးရအဆက်ဆက်ဟာ စာရွက်ပေါ်မှာ လိုအပ်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ ပြဋ္ဌာန်းပြခဲ့ရုံနဲ့ နိုင်ငံတကာအကဲဖြတ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်အတွင်းမှာပဲ တရားမဝင် စီးပွားရေးကွန်ရက်တွေ၊ သယံဇာတမှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ငွေကြေးစီးဆင်းမှုတွေ၊ လက်ရှိမှာ အကြီးအကျယ် ပြဿနာဖြစ်လာတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကနေ ရရှိတဲ့ ငွေကြေးတွေဟာ အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ဆက်လက် လည်ပတ်နိုင်ခဲ့ပြီး ဒီလိုအခြေအနေတွေက နောက်ဆုံးမှာ စစ်တပ်နဲ့ နီးစပ်တဲ့ အာဏာပိုင်အုပ်စုတွေ အတွက် ဘဏ္ဍာရေးအရ အသက်ရှူခွင့် ပေးခဲ့တယ်လို့ သူတို့က သုံးသပ်ထားပါတယ်။
FATF က အတိတ်က အရေးယူမှု ပျော့ကွက်တွေ ပေးခဲ့ခြင်း သို့မဟုတ် ဟန်ပြပြုပြင်မှုများကို လက်ခံခဲ့ခြင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း တွေ (ဥပမာ – ဦးပိုင်၊ မေတ္တာလင်းမြိုင်စတဲ့ စစ်တပ်စီးပွားရေးတွေ) ဟာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ် (SWIFT နှင့် ဒေါ်လာ စီးဆင်းမှုများ) ထဲမှာ ဆက်လက် လှုပ်ရှားနိုင်ခဲ့ပါတယ်။
ဒါကြောင့် စစ်အစိုးရဟာ နိုင်ငံတကာ ဘဏ်လမ်းကြောင်းတွေကို အသုံးပြုပြီး သယံဇာတ ရောင်းရငွေများ သိမ်းဆည်းခြင်း၊ စစ်လက်နက် ပစ္စည်းများ ဝယ်ယူရန်အတွက် နိုင်ငံခြားငွေကို လွတ်လပ်စွာ ကိုင်တွယ် အသုံးပြုနိုင်ခဲ့ခြင်း တို့ကြောင့် ဘဏ္ဍာငွေ ပိုမိုတောင့်တင်းစေခဲ့တယ်လို့ ဆောင်းပါးက ထောက်ပြထားပါတယ်။
FATF ဟာ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို နာမည်ပျက်စာရင်း (Blacklist) ထဲ ထည့်သွင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အပြင်းထန်ဆုံး ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူမှုဖြစ်တဲ့ ကောင်တာမက်ရှား (Countermeasures) ကို အပြည့်အဝ မကျင့်သုံးသေးပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ် ဆုံးဖြတ်ခွင့် ရလာတဲ့အခါ FATF အနေနဲ့ အရင်ကလို လျှော့ပေါ့တဲ့ တုံ့ပြန်မှုမျိုး မလုပ်သင့်တော့ဘဲ၊ အဖွဲ့ရဲ့ အမြင့်ဆုံးနဲ့ အပြင်းထန်ဆုံး အရေးယူမှုယန္တရားတွေကို အပြည့်အဝ အသုံးပြုပြီး စစ်အစိုးရရဲ့ တရားမဝင် ငွေကြေးလမ်းကြောင်းတွေကို ထိရောက်စွာ ပိတ်ဆို့သင့်ကြောင်း ဒန်ဆွစ်ဖ်နဲ့ ရှောင်တာနဲလ်တို့က ဒီဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။
ကိုးကား – The Washington Post


















































