စက်တင်ဘာ ၁၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ကိုယ်တိုင် ဝန်ခံလိုက်ပါတယ်။
ပြည်သူ့စစ်ခေါ် ပျူစောထီးတွေကို မွေးထုတ်ပေးနေတဲ့ ပေါက်ကိုယ်တော်ဟာ မန္တလေးမြို့မှာ ပြည်သူ့စစ်တွေဟာ လက်နက်ကိုင်ပြီး သောင်းကျန်းနေကြောင်း လူမှုကွန်ရက်ကနေ ဝန်ခံလိုက်တာပါ။
“G2 (စစ်တပ်ဗိုလ်မှူး)ရဲ့ မွေးစားသားပေါ့နော်။ ငှက်ကြီးတောင် ဓားကြီးတွေကိုင်၊ ရှေ့မှာယူနီဖောင်းကြီးတွေပုံလို့ ပြည်သူ့စစ်တွေ။ ဂုဏ်သိက္ခာလည်း ကျတာပေါ့နော်။ တစ်နေ့တစ်နေ့ လူတွေကလည်း သတ်လိုက်တာ မရေမတွက်နိုင်အောင်ဗျနော်။ ဒါကလည်း G2တွေရဲ့ အမှားပဲ။ မြှောက်စားထားတော့နော်။ တိုက်ပွဲက တခါမှမတိုက်ဖူးဘူး။ စစ်မတိုက်ဖူးဘူး”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

Public Service Announcement
မြို့ထဲမှာဆိုရင်လည်း ပြည်သူ့စစ်တွေဟာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ယာဥ်တန်းနဲ့တကွ လက်နက်ကိုင်ကာ လှည့်လည်လေ့ရှိကြောင်း၊ ပျူစောထီးတွေရဲ့ အဲဒီအပြုအမူတွေကြောင့် ပြည်သူ့စစ်တွေကို အားပေးစကားပြောတာကို နားလိုက်ပြီလို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
တိုက်ပွဲအစစ်အမှန် တိုက်လိုပါက မြင်းခြံနဲ့ တောင်သာမြို့ဘက်သို့ သွားရောက်ရန် စိန်ခေါ်ခဲ့ပြီး “တကယ်တိုက်ချင်တယ်ဆိုရင် မြင်းခြံ၊ တောင်သာဘက်မှာ ပေါက်ကိုယ်တော်ဆီက အယောက် ၃၀ ထုတ်ပေးမယ်”လို့ ပြောဆိုပါတယ်။
မန္တလေးမြို့မှာ လက်နက်ကိုင်ပျူစောထီးတွေ သောင်းကျန်းနေတာကို မြို့ခံတွေကပါ အတည်ပြုခဲ့ကြပါတယ်။
“လွတ်အောင်ရှောင်တာကို ညက နေမကောင်းလို့ ဆေးခန်းကဆေးသွားဝယ်တာ။ ကိုကမီးစိမ်းလို့ဖြတ်တာသူတို့ကားမှနိးလည်းမသိပါဘူး။ ဖြတ်လာလို့ ကြည့်မိလို့တဲ့ ။လိုက်ပီးရပ်ဆိုလို့ ရပ်ပီး မေးတာ။ မသိလို့ပါဖြေရတာဟေ။ ကံကောင်းလို့ မရိုက်သွားတာ။ ကလေးပေါက်စက ဓါးတဝင့်ဝင့်နဲ့ ဟူး အတော်ဆိုးနေပြီ”လို့ မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ စစ်ကောင်စီတပ်လိုပဲ ဒုစရိုက်သမားတွေဆီကနေ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ ပြုလုပ်နေပါတယ်။
သြဂုတ် ၂၉ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၅ လမ်း၊ ၉၀ လမ်းနဲ့ ကန်ပတ်လမ်းကြား၊ မဟာစည်ဘုန်းကြီးကျောင်းအရှေ့ဘက်လမ်းသစ်မှာ နံပါတ်ပြားမပါတဲ့ အဖြူရောင် Mark II ကားနဲ့ ကားပေါ်မှာ သေနတ်တွေ ဓါးတွေပါတဲ့ ပျူစောထီး (၅) ဦး ရောက်ရှိလာကြောင်း၊ အဲဒီနောက် delivery ပစ္စည်းပို့ဝန်ထမ်း အသက် ၂၀ အရွယ် လူငယ်ဆီကနေ ငွေသား ကျပ် (၄) သိန်းကျော်နဲ့ဖုန်း (၂) လုံး ခြိမ်းခြောက်ယူဆောင်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေလက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက် ယူဆောင်သွားခဲ့ပါသေးတယ်။
စစ်တပ်နဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့ရောညပါ ပြုလုပ်နေတဲ့အတွက် သတိပြုသွားလာနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

















































