ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။
စတာမာဟာ အာဏာရ လေဘာပါတီရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားတဲ့နောက် လွန်ခဲ့တဲ့ သီတင်း ၆ ပတ်လောက်တုန်းက ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ လေဘာပါတီ ရလဒ်ကောင်းကောင်းနဲ့ အနိုင်ရအောင် ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့ အစိုးရဟာ မူဝါဒရေးရာ ရွေးချယ်မှုတွေမှာ ဝေဖန်စရာတွေ ကြုံခဲ့သလို စတာမာ ကိုယ်တိုင်လည်း မဲဆန္ဒရှင် ပြည်သူတွေ၊ လွှတ်တော်ထဲက မဟာမိတ်တွေနဲ့ အလှမ်းကွာလာပြီး ထောက်ခံမှုတွေ ဆုံးရှုံးသွားတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
ဝန်ကြီးချုပ် နေရာကို စွန့်လွှတ်လိုက်ပေမယ့်လည်း လာမယ့် ရွေးကောက်ပွဲ အထိတော့ သူဟာ လွှတ်တော်အမတ် အနေနဲ့ ဆက်ရှိမယ်လို့ စတာမာက အစောပိုင်းမှာ မှတ်ချက်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁ ရက်နေ့မှာတော့ သူဟာ အမတ်နေရာကပါ နုတ်ထွက်တော့မယ်လို့ လူမှုကွန်ရက် မီဒီယာ Xကနေ အသိပေး ကြေညာခဲ့ပါတယ်။

Public Service Announcement
သူစိတ်ပြောင်းသွားတဲ့ အဓိက အကြောင်းရင်းကတော့ နိုင်ငံတကာ အရေးကိစ္စတွေအပေါ် ပိုပြီး အာရုံစိုက်ချင်တာကြောင့်လို့ စတာမာက ဆိုပါတယ်။ လွှတ်တော်အမတ် အဖြစ်ကနေ နုတ်ထွက်ပြီးရင် သူဟာ ဘယ်လို လမ်းကြောင်းကို ရွေးချယ်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ပါတီနဲ့ လူထု ထောက်ခံမှု ကျဆင်းလို့ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ခဲ့ရတဲ့တိုင်အောင် စတာမာဟာ နိုင်ငံခြားရေး ကိစ္စတွေမှာ အားကောင်းတဲ့ ဦးဆောင်မှုတွေ ပြသခဲ့ပါတယ်။
သူဟာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ ပူးတွဲ ဦးဆောင်ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီတွေပေးဖို့ စိတ်သဘောထားတူ နိုင်ငံများ အစုအဖွဲ့ကိုလည်း ထူထောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည် သင့်မြတ်အောင် ညှိနှိုင်းပေးခဲ့ပြီး ပါလက်စတိုင်းကိုလည်း တရားဝင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။ ကိုင်တွယ်ရခက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဆက်ဆံရေးမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်ရ ရလဒ်တွေ အကောင်းအဆိုး ရောထွေးနေခဲ့ပါတယ်။
စတာမာရဲ့ ဝန်ကြီးချုပ် ရာထူးကို ဇူလိုင်လမှာ လက်ရှိ ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်က ဆက်ခံခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခုအတွင်း ဗြိတိန်မှာ ၇ ယောက်မြောက် ဝန်ကြီးချုပ်သစ် တင်မြှောက်မှုလည်း ဖြစ်လာပါတယ်။
ကိုးကား: Reuters


















































