Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တက်တဲ့ စစ်သင်္ဘောအုပ်စုက သင်္ဘော ၂စီး အလံဖြူထောင်ကမ်းကပ်

စက်တင်ဘာ ၂တိုက်ပွဲ စစ်သင်္ဘော၁စီး နစ်မြုပ်၊ ၂ စီး ပျက်စီးပြီး မြေပြင်စစ်တပ်စစ်ကြောင်းတပ်လန်

(စစ်တပ်စစ်သင်္ဘောအုပ်စုကို KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်ကတိုက်ခိုက်စဥ်။ဓါတ်ပုံ-File)

“အဲဒီ အလံဖြူထောင်တဲ့လူတချို့ ကျနော်တို့လက်ထဲရောက်ပါပြီ”

— ကချင်စစ်ရေးသတင်းရင်းမြစ်

စက်တင်ဘာ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၂စီးဟာ အလံဖြူထောင်ပြီး ကမ်းကပ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒိကနေ့ စက်တင်ဘာ ၂ရက် မနက်အစောမှာ စစ်သင်္ဘောတွေဟာ ရွှေကူကနေ ဗန်းမော်မြို့ကို ဒုတိယအကြိမ် ထပ်မံထွက်ခွာလာရာ KIA ရဲ့တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁စီးနစ်မြုပ်ကာ ၂စီး ပျက်စီးခဲ့ပါတယ်။ အဲဒီလို အထိအခိုက်အပျက်အစီး ရှိလာတဲ့ အခြေ

အနေမှာစစ်သင်္ဘော ၂စီးဟာ အလံဖြူထောင်ကမ်းကပ် ခဲ့တာလို့ ဆိုပါတယ်။ နစ်မြုပ်သွားတဲ့ စစ်သင်္ဘောမှာ လူတွေပါသွားတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီမှာ ထူးခြားချက်တခုပြောချင်တာက အဲဒီ အလံဖြူထောင်တဲ့လူတချို့ ကျနော်တို့ လက်ထဲရောက်ပါပြီ။ ဒီလောက်ပဲ ပြောနိုင်ပါအုံးမယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါဟာ စစ်သင်္ဘောအုပ်စုတွေထဲက ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းမှု ပြုလုပ်တဲ့ကာလတလျှောက် ပထမဆုံး အလံဖြူထောင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ကသာကနေ ရွှေကူမြို့ကို ဩဂုတ် ၂၇ရက်မှာ ထွက်ခွာလာရာ ရွှေကူမြို့အဝင်မှာ သင်္ဘော ၁စီး လုံး၀ပျက်စီးခဲ့ကာ အချို့ ထိခိုက်ခဲ့ပါတယ်။ ဩဂုတ် ၂၉ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို ပထမအကြိမ်ထွက်ခွာရာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှု ခံရပြီး နောက်ထပ် သင်္ဘောတစီးမီးလောင်ခဲ့ရာ သင်္ဘောတွေ နောက်ပြန်လှည့်သွားပါတယ်။

ဒီကနေ့စက်တင်ဘာ ၂ရက်မှာ စစ်တပ်က မြေပြင်စစ်ရေးလှုပ်ရှားမှုနဲ့အတူ သင်္ဘောအုပ်စုဆက်လက်ထွက်ခွာရာ သင်္ဘောတွေ နစ်မြုပ်တာ၊ မီးလောင်တာ၊ အလံဖြူထောင်တာ စတဲ့ အခြေအနေတွေ ကြုံလာရတာဖြစ်ပါတယ်။

သင်္ဘောတွေ အထိနာရုံသာမက မြေပြင်စစ်ကြောင်းလည်း တပ်လန်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အဲဒီ ဇင်းဘုံရွာထိပ်က ရန်သူတွေဟာ သင်္ဘောလှုပ်ရှားတာနဲ့ သူတို့ အရင်လှုပ်ရှားပါတယ်။ အဲဒါကို ကျနော်တို့ ဟန့်တားပြီးမှ တိုက်ပွဲဖြစ်တဲ့အခါကျတော့ သူတို့လည်း ပြန်ပြီးမှ တပ်လန်သွားပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအနေနဲ့ စစ်သင်္ဘောတွေ ဗန်းမော်ကို ဆက်တက်လာရင် KIA ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုနေမှာ မဟုတ်ဘူးလို့ ဩဂုတ် ၂၈ရက်မှာ People’s Spring သို့ ဖြေကြားခဲ့သလိုပဲ KIA ပူးပေါင်းတပ်ဟာ စစ်သင်္ဘောအုပ်စု အထိနာအောင် တိုက်ခိုက်ထားနိုင်တာ ဖြစ်ပါတယ်။

အထိနာတဲ့ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို လေယာဉ်အစီးရေများစွာနဲ့ ပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။