စက်တင်ဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်သွားတဲ့ စစ်သင်္ဘောအုပ်စုက ကျန်နေတဲ့ သင်္ဘောအချို့ဟာ စက်တင်ဘာ ၄ရက်မှာ စင်းခန်းဒေသကနေ အထက်ကို ဆက်လက်ထွက်ခွာရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံ တိုက်ခိုက်ခဲ့လို့ ပျက်စီးမှုတွေရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်သင်္ဘောအုပ်စုဟာ စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို ထွက်ခွာစဉ် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ သင်္ဘော ၅စီးထက်မနည်းထိခိုက်ပျက်စီးကာ အဲဒီအထဲက အချို့က နစ်မြုပ်တာ၊ မီးလောင်ပေါက်ကွဲတာတွေဖြစ်ခဲ့ပါတယ်။
“မနေ့က သင်္ဘော ၃စီးထပ်မံ ဖျက်ဆီးနိုင်ခဲ့တယ်။ အဲဒီ သင်္ဘောလက်ကျန်တွေပေါ့။ စင်းခန်းမှာ တနေ့ညက နားတဲ့ သင်္ဘောတွေက မနေ့က မနက်အစောကြီးတက်လာတာ။ အဲဒါ ဗန်းမော်အောက် ညောင်ပင်သာမှာ ကျနော်တို့ ဝိုင်းပြီးမှ ပစ်တာ။ ဝိုင်းပစ်တော့ အဲဒီမှာ ၂စီးပျက်တယ်။ ပျက်ထားတဲ့ သင်္ဘောက မျောဆင်းလာတာ။ သူက စက်ကနှိုးလို့မရတော့ မျောဆင်းလာတာ အဲဒါကို လာဆွဲဖို့ ဗန်းမော်က နောက်နှစ်စီးဆင်းလာတာ အဲဒါလည်း ကျနော်တို့ ပစ်တာ။ အဲဒီမျာတစီး ပြန်ပျက်စီးသွားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စက်တင်ဘာ ၂ရက် တိုက်ပွဲမှာ စစ် သင်္ဘော ထိခိုက်ပျက်စီးမီးလောင်တဲ့ ရုပ်သံအချို့ကိုလည်း ပြသပါတယ်။
အဲဒီ ရုပ်သံမှာ စင်းခန်းတံတားအနီး မီးလောင်နေတဲ့ သင်္ဘောပေါ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ ထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ပွားနေတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် တိုက်ခိုက်ခံရပြီး မီးခိုးတွေအူ ရေထဲမျောသွားတဲ့ သင်္ဘော ၁စီးကိုလည်းတွေ့ရပါတယ်။
“ပေါက်ကွဲတဲ့ဟာက ၂ရက်နေ့ဟာ။ တစီးလုံးအားလုံးပေါက်ကွဲသွားတာ။ အဲဒီကောင်တွေက ရေထဲ အကုန်ခုန်ချတာ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သင်္ဘောပေါ်က ခုန်ချတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်က အရှင်ဖမ်းမိတာတွေရှိသလို အလောင်းတွေ၊ ပစ္စည်းတွေ ရေထဲမျောသွားတာတွေလည်းရှိပါတယ်။
စစ်ကောင်စီတပ်သားအလောင်းရေထဲမျောနေတဲ့ ရုပ်သံတခုကိုလည်း သတင်းရင်းမြစ်က ပြသပါတယ်။
“မင်းအောင်လှိုင် နင်တို့ -သေတွေလာမဆယ်ဘူးလား။ နင်တို့ ပြောတော့ ဘာမှ မဖြစ်ဘူးဆို ဗန်းမော်ကို အေးဆေးရောက်သွားတယ်ဆို ဒီမှာ နင်တို့ထဲက – သေတွေ ငါးစာတွေဖြစ်ကုန်ပြီ” လို့ ရုပ်သံမှာ အမျိုးသားတဦးက ပြောကြားနေတာကြားရပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို သင်္ဘော ၁၅စီးနဲ့ စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ရွှေကူမြို့က အရပ်သားသင်္ဘောငယ်တွေ ရေယာဉ်တွေကိုပါသုံးပြီး ဗန်းမော်မြို့ကို တက်လာတာလို့ စစ်တပ်သင်္ဘော ပျက်စီးမှု အတိအကျ ပြောဖို့ ခက်ခဲကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကသာကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို ဝင်လာကတည်းက စစ်ကောင်စီသင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၄ရက်နေ့အတွင်း စစ်တပ်ဘက်က သင်္ဘောနဲ့ ရေယာဉ် စုစုပေါင်း ၇စီးလောက် လုံး၀ ထိခိုက်ပျက်စီးခဲ့ပြီး အခြား ထိခိုက်ပျက်စီး မီးလောင်တဲ့ သင်္ဘောတွေလည်း ရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စက်တင်ဘာ ၂ရက်တိုက်ပွဲမှာဆိုရင် စစ်တပ်ဘက်က သင်္ဘောအချို့ ကမ်းကပ်ပြီး လက်နက်ချလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်ကို အရှင်ဖမ်းမိခဲ့ကြောင်းလည်း KIA က အသိပေးပါတယ်။

















































