Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်ကျန် သင်္ဘော ၁စီးကို KIA ထပ်မံ တိုက်ခိုက်

၄ရက်အတွင်း သင်္ဘော ၉စီးထက်မနည်း ပျက်စီး၊ မန္တလေးကနေ စစ်တပ်သင်္ဘော ၃၀ခန့် ထပ်မံဆန်တက်လာ

စက်တင်ဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား နဲ့ ဗန်းမော်မြို့ကြားမှာ စစ်တပ်သင်္ဘော ၁စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၅ရက် မနက်မှာ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တယ်ဆိုတဲ့ သင်္ဘောရဲ့ နောက်ပိုင်းမှာ မီးခိုတွေအူနေတဲ့ ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသပါတယ်။

” ဒါက ဒီမနက်ဟာ ။ စင်းခန်းအထက်မှာ။ မနေ့က ၃စီး။ ဒီမနက် ၁စီး”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က စစ်တပ်ရဲ့ လက်ကျန်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို ပြေပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို သင်္ဘောတွေ ဆန်တက်လာရာ ဇင်းဘုံနဲ့ စင်းခန်းအကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘော ၁စီး နစ်မြုပ်တာ၊ သင်္ဘောအချို့ မီးလောင်တာ အပါအဝင် သင်္ဘော ၅စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဲဒီနောက် လက်ကျန်သင်္ဘောတွေဟာ စက်တင်ဘာ ၄ရက်မှာ ဆက်လက်ပြီး ဗန်းမော်မြို့ကို ဆန်တက်ရာ စင်းခန်းအထက် ညောင်ပင်သာ ဒေသ အရောက်မှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ သင်္ဘော ၂စီး ထိမှန်ပျက်စီးခဲ့ပါတယ်။

အဲဒီထဲက စက်ပျက်ပြီး ရေထဲမျောသွားတဲ့ သင်္ဘောကိုဆွဲဖို့ ဗန်းမော်က သင်္ဘော ၂စီး ဆင်းလာရာ KIAက တိုက်ခိုက်ခဲ့လို့ ဗန်းမော်က ဆင်းလာတဲ့ သင်္ဘော ၁စီး ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒါကြောင့် စက်တင်ဘာ ၂ရက်ကနေ ၅ရက်အထိ ၄ရက်တာအတွင်း စစ်တပ်သင်္ဘော ၉စီးထက်မနည်း ထိခိုက်ပျက်စီးအောင် KIA ပူးပေါင်းတပ်က တိုက်ခိုက်ထားနိုင်တာဖြစ်ပါတယ်။

စက်တင်ဘာ ၂ရက် တိုက်ပွဲမှာလည်း စစ်တပ်က အရာရှိစစ်သည်အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို KIA ပူးပေါင်းတပ် ဖမ်းမိခဲ့ပြီး စစ်သုံ့ပန်းတွေ ဘေးကင်းရာ ပို့ထားပြီးဖြစ်တယ်လို့ KIA ဘက်က အသိပေးပါတယ်။ စက်တင်ဘာ ၂ရက်တိုက်ပွဲမတိုင်မီ ဩဂုတ် ၂၉ရက်ကလည်း ရွှေကူနဲ့ ဗန်းမော်မြို့နယ်ကြားမှာ စစ်သင်္ဘော ၁စီးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သလို ဩဂုတ် ၂၇ရက်မှာလည်း ကသာနဲ့ ရွှေကူကြားမှာ စစ်ကောင်စီသင်္ဘော ၁စီးကို ဖျက်ဆီးထားနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပြထားပါတယ်။ ဒါကြောင့် စစ်တပ်သင်္ဘောအုပ်စု ကချင်ပြည်နယ်ဝင်လာပြီးနောက် သင်္ဘော ၁၁စီးထက်မနည်းကို ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်တပ်ဟာ ရွှေကူမြို့က အရပ်သားတွေပိုင်တဲ့ သင်္ဘောငယ်တွေ အခြားရေယာဉ်တွေကိုပါ အသုံးပြုပြီး ဗန်းမော်မြို့ကို တက်လာတာကြောင့် ထိခိုက်ပျက်စီးတဲ့ သင်္ဘောအရေအတွက် အတိအကျတော့ သိနိုင်ဖို့ ခက်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မနေ့က စက်တင်ဘာ ၄ရက်မှာ ပြောပြထားပါတယ်။

စစ်သင်္ဘောအုပ်စု ကချင်ပြည်နယ် ဝင်ရောက်လာချိန် တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက ဒီနှစ်မှာ စစ်တပ်သင်္ဘောတွေ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောပြပါတယ်။ သင်္ဘောတွေ ရရှိတာ၊ စစ်သုံပန်း ၂၀၀ ကျော်ဖမ်းမိထားတာရှိသလို လက်နက်တွေလည်း ရထားတာရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောပေါ်မှာ ပါတဲ့ သစ်ပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကိုပါ ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဘက်က တန်ပြန် တိုက်ခိုက်မှု မလုပ်ဆောင်နိုင်ဘဲ သင်္ဘောတွေကို တိုက်ခိုက်ရတာ ပိုလွယ်ကူစေခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ်အဝင်မှာ ထိခိုက်မှုများခဲ့တဲ့ စစ်တပ်ဟာ ဒီကနေ့ စက်တင်ဘာ ၅ရက်မှာ မန္တလေးမြိုလကနေ စစ်သင်္ဘောတွေ မြစ်ကြောင်းအတိုင်းဆက်လက်ဆန်တက်လာကြောင်းလည်း တော်လှန်ရေး သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

မန္တလေးမြို့ကနေ ဆန်တက်လာတဲ့ သင်္ဘော ၃၁စီး ရှိပြီး ရှေ့ပြေး ၄စီးဟာ စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း ရွာသာ အနောက်ဘက် ရောက်ရှိနေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ စက်တင်ဘာ ၅ရက်မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်သင်္ဘောတွေ ဆန်တက်လာချိန် အထက်ပိုင်းရှိ မြစ်ကမ်းဘေးနေ ပြည်သူတွေ နဲ့ ကျွန်းပေါ်နေ ပြည်သူတွေ လေကြောင်း လက်နက်ကြီး အန္တရာယ် သတိရှိကြဖို့လည်း နှိုးဆော်ထားပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း စစ်သင်္ဘောတွေ မန္တလေးမြို့ကနေ ထပ်မံထွက်ခွာလာတာကို သိထားကြောင်း ဒီကနေ့ မနက်မှာ ပြောပြထားပါတယ်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်တပ်သင်္ဘောတွေ ကချင်ပြည်နယ်ကို လာရင် KIA ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုနေမှာ မဟုတ်ဘဲ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဩဂုတ်လကုန်ပိုင်းက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

မေးမြန်းခန်း

KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ မေးမြန်းခန်း

သတင်း

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။