စက်တင်ဘာ-၇၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဆိပ်ဖြူအခြေစိုက်အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂)ကနေတက်လာတဲ့ ပါရာမော်တာက စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီ ၁၆ မိနစ်၀န်းကျင်မှာ ရွှေဘိုကျွန်းရွာအနီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။
“ကပစ ၂၂ ေးခြံအနီးတဝိုက်မှာဘဲပျံသန်းဝဲနေချိန်ပျက်ကျတာ။စက်ချို့ယွင်းတာလို့ ယူဆတယ်။သူတို့(စစ်တပ်)နယ်နမိတ်ထဲပဲ ပျက်ကျတယ်ပြောရမယ်”လို့ ဆိပ်ဖြူမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဖြစ်စဉ်အသေးစိတ်နဲ့ ထိခိုက်မှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ပြီး ထပ်မံအသိပေးမယ်လို့ သူက ဆက်ပြောပါတယ်။
“လေထီးလန်ပြီးစက်ကိုအုပ်ပြီးပြုတ်ကျတယ်လို့ သိရတယ်”လို့ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
ပါရာမော်တာပျက်ကျမှုနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်တပ်ကထုတ်ပြန်တာမရှိသေးပါဘူး။
မကွေးတိုင်းထဲက ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ စစ်တပ်ရဲ့ ပါရာမော်တာတွေကို တော်လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တာရှိပါတယ်။ဒါ့အပြင် ပဲခူး၊မုံရွာ ၊ ကရင်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာပါရာမော်တာတွေ ပျက်ကျခဲ့တာရှိတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။
၂၀၂၅ ခုနှစ်ကစပြီး စက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီး အထူးသဖြင့် ကျေးရွာတွေကို ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှုရာနဲ့ချီရှိနေပါတယ်။


















































